ပုဂေါဇွန်းရွာက ပျောက်ဆုံးနေတဲ့ ရွာသားနှစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးသွားတဲ့ ရွာသားတစ်ဦးရဲ့ အလောင်းတွေ တွေ့ပြီ

ပုဂေါဇွန်းရွာက ပျောက်ဆုံးနေတဲ့ ရွာသားနှစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးသွားတဲ့ ရွာသားတစ်ဦးရဲ့ အလောင်းတွေ တွေ့ပြီ

ပုံ - အသတ်ခံခဲ့ရတဲ့ ဦးနေလင်းဇော် (ခေါ်) ဦးဇော်ရဲ့ ပုံအဟောင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးသွားခဲ့တဲ့ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာက ရွာသားတစ်ဦးနဲ့ ပျောက်ဆုံးနေတဲ့ ရွာသားနှစ်ဦးရဲ့ အလောင်းတွေကို ရွာအနားမှာ ရှိတဲ့ ရာဘာခြံတွေထဲမှာ မနေ့ က မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာကထွက်သွားပြီး အခြေအနေခဏ ငြိမ်ကျသွားတဲ့အချိန်မှ ရွာသားတွေစုပြီး ပျောက်ဆုံးနေသူနှစ်ဦးကို ခြံတွေထဲ လိုက်လံရှာဖွေခဲ့ရာမှာ ရွာဘုန်းကြီးကျောင်းအနောက်ဘက်က ရာဘာခြံထဲမှာ ခန္ဓာကိုယ်ကိုမြုပ်နှံထားပြီး လက်တစ်ဖက်ပေါ် အနေအထားနဲ့ ဦးစောရှီအလောင်းကိုတွေ့ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဦးစောရှီကို လွန်ခဲ့တဲ့ လေးရက်၊ ဇူလိုင် ၃၁ ရက်နေ့က ပစ်ခတ်ဖမ်းဆီးသွားခဲ့တာပါ။

ဒါအပြင် ပျောက်ဆုံးနေတဲ့ ဦးထိန်ဝင်းနဲ့ ဦးဇော် ဆိုသူတို့ရဲ့ အလောင်းတွေကိုလည်း ရင်ဘတ်မှာဓားထိုးဒဏ်ရာအပြည့်၊ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ သေနတ်ဒဏ်ရာတွေနဲ့ ရွာအစွန်ဘက်က ဦးဇော်ရဲ့ခြံထဲမှာ လက်ကြိုးတုပ်လျက် အနေအထားအတိုင်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆက်ပြော ပြပါတယ်။

ပိန်းရှောင်ရွာမှာ ဇူလိုင် ၂၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖမ်းမိတဲ့ သူခိုးနှစ်ယောက်ကို ပြန်လွှတ်ခဲ့တဲ့ ကိစ္စမှာ ထိုင်းနိုင်ငံသားတွေပါဝင်ခဲ့ပြီး ဦးဇော်က ဘာသာပြန်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတချို့ကတော့ ဦးဇော် အသတ်ခံရတာဟာ ပိန်းရှောင်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုကြပါတယ်။

သဗြေဇွန်းရွာဘက်ကနေ ပုဂေါဇွန်းရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ တောက်လျှောက်စစ်ကြောင်းထိုးဝင်လာနေတယ်ကြားတဲ့အတွက်လည်း ပုဂေါဇွန်းရွာထဲက ပြည်သူတချို့ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

The Tanintharyi Times