စစ်အုပ်စုခေါင်းဆောင်ရဲ့ တရုတ်ခရီးမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်လိုက်ပါသွား
စစ်အုပ်စုခေါင်းဆောင်ရဲ့ တရုတ်ခရီးမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်လိုက်ပါသွား
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဟာ တရုတ်နိုင်ငံခရီးစဉ်ကို ဒီကနေ့ (နိုဝင်ဘာ ၅)နံနက်ပိုင်းမှာ စတင်ထွက်ခွာပြီလို့ သိရပါတယ်။
တရုတ်အစိုးရ က ဦးဆောင်ကျင်းပမယ့် ဒေသတွင်းနိုင်ငံတွေရဲ့ အစည်းအဝေးတွေ တက်ရောက်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)ရဲ့ အထူးလေယာဉ်နဲ့ နေပြည်တော်တပ်မတော်လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်နဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုလည်းလိုက်ပါသွားတယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင် ရဲ့ တရုတ်ခရီးစဉ်မှာ တိုင်းနဲ့ ပြည်နယ်အဆင့် ဝန်ကြီးချုပ်သုံးဦးသာ လိုက်ပါသွားတာဖြစ်ပြီး အဲ့ဒီထဲမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကို ပါလိုက်ပါသွားတာဖြစ်ပါတယ်။ သူနဲ့ အတူ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တွေကို လိုက်ပါသွားပါတယ်။
ဒီခရီးစဉ်မှာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊စစ်ကောင်စီ ဝန်ကြီးတွေ စစ်ဘက်ဆိုင်ရာ အရာရှိတွေ ခရီးစဉ်မှာလိုက်ပါသွားတယ်လို့လည်းသိရပါတယ်။
စစ်အုပ်စုခေါင်းဆောင်ဟာ တရုတ်နိုင်ငံအစိုးရရဲ့ ဖိတ် ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနဲ့ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီခရီးစဉ်အတွင်းမှာ က စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင် ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။
ဒီခရီးစဥ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်မယ့် ပထမဆုံး ခရီးစဥ်လည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံအပြားမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။
The Tanintharyi Times
