မြိတ်မြို့နယ်၊မဇောကျေးရွာမှာ စစ်ကြောင်းထိုးလုံခြုံရေးယူပြီး သန်းခေါင်စာရင်းကောက်

မြိတ်မြို့နယ်၊မဇောကျေးရွာမှာ စစ်ကြောင်းထိုးလုံခြုံရေးယူပြီး သန်းခေါင်စာရင်းကောက်

ပုံစာ - မဇောကျေးရွာအုပ်စုလမ်းပိုင်းတစ်နေရာ။

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်က ဖြန့်ကျက်စစ်ကြောင်းထိုးကာ လုံခြုံရေးယူထားပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေဆီကသိရပါတယ်။

အခုလ ၂၃ ရက်ကတည်းက စစ်ကောင်စီတပ်သားအင်အား ၈၀ ဝန်းကျင်နဲ့ မဇောကျေးရွာအုပ်စုထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီနောက် ဒီကနေ့မနက်ပိုင်းမှာတော့ မဇောကျေးရွာအုပ်စုထဲက မြင်သာရွာနဲ့ ကြေးနန်းတိုင်ရွာတွေမှာ သန်းခေါင်စာရင်းစတင်ကောက်ယူနေတာဖြစ်တယ်လို့လည်း အဲ့ဒီရွာတွေက ဒေသခံတွေက ပြောပါတယ်။

“ ရွာတွေကတဆက်တည်းလေ။ တကြောလုံး စစ်သားတွေချည်းပဲ။ ဟိုဘက်ရွာတွေ လုံခြုံရေးချထားပြီး ဒီဘက်မှာကောက်တာ” လို့ မြင်သာရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စုက စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်လောက်ဟာ မဇောကျေးရွာအုပ်စုထဲက ကင်းတပ်၊ မရင်း၊ လက်မဲနဲ့ အရှေ့တောင်ရွာတွေကို အခုလ ၂၃ ရက်ကနေစလို့ ဒီနေ့အထိ တောက်လျှောက်စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ လက်ရှိ မဇောကျေးရွာအုပ်စုထဲက မဇောပြင်ကြီးရွာ၊ အရှေ့တောင်ရွာနဲ့ သကန်ရွာက ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူနေတဲ့ ကြေးနန်းတိုင်နဲ့ မြင်သာရွာတွေက မြိတ်မြို့ဘက်ကနေ မဇောကျေးရွာအုပ်စုဘက်ကိုလာရင် ပထမဆုံးရောက်တဲ့ရွာတွေဖြစ်ပြီး လက်ရှိ စစ်ကြောင်းထိုးတပ်စွဲထားတဲ့ရွာတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်နိုင်တဲ့ လမ်းကြောင်းနဲ့ ပိုမိုနီးစပ်တဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူတဲ့ရွာတွေမှာလည်း လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

မြင်သာရွာမှာ မြင်သာရွာဘုန်းကြီးကျောင်းကို ဒေသခံတွေကိုခေါ်ယူပြီး သန်းခေါင်စာရင်းကောက်ယူနေသလို ကြေးနန်းတိုင်ရွာမှာတော့ စစ်ကောင်စီထောက်ခံအားပေးသူရဲ့ နေအိမ်တစ်အိမ်ကို ခေါ်ယူပြီး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

သန်းခေါင်စာရင်းကောက်ယူတဲ့ အနီးဝန်းကျင်တွေမှာ ရဲနဲ့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်စီ လုံခြုံရေးယူပေးထားတယ်လို့ ဆိုပါတယ်။

မဇောကျေးရွာအုပ်စုနေ ဒေသခံတွေကတော့ အခုလို စစ်ကြောင်းထိုးပြီးမှ လုံခြုံရေးတင်းကြပ်ပြီး သန်းခေါင်စာရင်းကောက်ယူတာနဲ့ သန်းခေါင်စာရင်းကောက်ယူမဲ့ သတ်မှတ်ရက်လွန်ပြီးမှ ကောက်ယူတာတွေအတွက် ဝေဖန်ပြောဆိုနေကြပါတယ်။

“ စစ်မှုထမ်းဖို့အတွက် အမည်စာရင်းအတိအကျ ရသွားမှာလေ။ အဓိကက အဲ့ဒါကိုစိုးရိမ်တယ်။ စာရင်း ကောက်မဲ့ရက်လည်းလွန်သွားပြီဆိုတော့ လာမကောက်တော့ဘူးထင်နေတာ” လို့ ကြေးနန်းတိုင်ရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကတော့ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ခံဖို့ ကျန်နေသေးတဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ သန်းခေါင်စာရင်း ကော်မတီကို ဆက်သွယ်ပေးဖို့နဲ့ ဆက်သွယ်လာသူတွေကို ပြန်လည် စာရင်းကောက်ယူပေးသွားမယ်လို့ အောက်တိုဘာလ ၁၆ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကြေငြာထားပါတယ်။

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကတော့ သန်းခေါင်စာရင်းကောက်ယူရမဲ့ သတ်မှတ်ရက်လွန်သွားပြီဆိုပေမဲ့ နိုင်ငံအတွင်း တိုက်ပွဲအခြေအနေတွေနဲ့ ရေဘေးအခြေအနေတွေကြောင့် ရက်တိုးပြီး ဆက်လက်ကောက်ယူသွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တရားဝင်သတ်မှတ်ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times