တိုက်ပွဲကြားမှ ယူကရိန်းပြည်သူများအား ကယ်ထုတ်ရန် ရုရှား ယာယီအပစ်ရပ် ပစ်ခတ်မှုများ ဆက်ရှိနေသဖြင့် ကယ်ဆယ်ရေးအစီအစဉ် ရပ်ထားရဟု ယူကရိန်းဆို

တိုက်ပွဲကြားမှ ယူကရိန်းပြည်သူများအား ကယ်ထုတ်ရန် ရုရှား ယာယီအပစ်ရပ် ပစ်ခတ်မှုများ ဆက်ရှိနေသဖြင့် ကယ်ဆယ်ရေးအစီအစဉ် ရပ်ထားရဟု ယူကရိန်းဆို

ယူကရိန်းနိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော မာရီယူပိုလ်တွင် တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်ရန် ရုရှားဘက်က ယာယီ အပစ်ရပ်စဲကြောင်း စနေနေ့က ကြေညာခဲ့ပြီး မြေပြင်တွင် ပစ်ခတ်မှုများ ဆက်ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ထားရကြောင်း ယူကရိန်းဘက်က ပြောဆိုသည်။

ယာယီအပစ်ရပ်ထားချိန် မြို့မှစွန့်ခွာမည့် ယူကရိန်းပြည်သူ နှစ်သိန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး အရှေ့တောင်အာရှ စံတော်ချိန် စနေနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကယ်ဆယ်ရေး ပထမအသုတ် ထွက်ခွာနိုင်ရန် မျှော်မှန်းထားခဲ့သည်။

သို့သော်လည်း မြေပြင်တွင် ရုရှားတပ်များမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေသဖြင့် မြို့မှ စွန့်ခွာမည့် အစီအစဉ်ကို ရပ်ဆိုင်းထားရန် ယူကရိန်းရဲတပ်ဖွဲ့က မြို့တွင်း၌ အသံချဲ့စက်များသုံး၍ လိုက်လံသတိပေးခဲ့ရသည်။

ကုန်းကြောင်းအတိုင်းသွားဖို့က ခုလို တိုက်ပွဲတွေ ဆက်ရှိနေတော့ ဘယ်လိုမှ မလုံခြုံဘူး ဟု မာရီယူပိုလ် ဒုတိယမြို့တော်ဝန်က ဆိုသည်။

ယာယီအပစ်ရပ်စဲမှု အမှန်တကယ် အသက်ဝင်ရန်နှင့် မြို့သားများ ဘေးလွတ်ရာသို့ စွန့်ခွာနိုင်ရန်အတွက် လက်ရှိတွင် ယူကရိန်း-ရုရှား နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းနေကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

အဆိုပါ ဆိပ်ကမ်းမြို့တွင် လူဦးရေ လေးသိန်းခွဲခန့် နေထိုင်လျက်ရှိပြီး ရုရှားတပ်များနှင့် ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး အဖွဲ့များက မြို့အား ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် ယူကရိန်းပြည်သူများ မြို့ကို စွန့်ခွာရန် အခက်တွေ့နေခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ အမှန်တကယ် စတင်နိုင်ပါက မာရီယူပိုလ်မှ ထွက်ခွာမည့် ယာဉ်ကား မှန်သမျှတွင် ထိုင်ခုံလွတ် မကျန်စေဘဲ တင်နိုင်သလောက် တင်ခေါ်သွားကြရန် မြို့တော်ဝန်က တိုက်တွန်းထားကာ အဆိုပါ ကယ်ဆယ်ရေး အစီအစဉ်မှာ ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုးကား – ဘီဘီစီ၊ ဘန်ကောက်ပိုစ့်