မန်ယူ၊ အတ္တလန္တာနဲ့ တော်လှန်ရေး

မန်ယူ၊ အတ္တလန္တာနဲ့ တော်လှန်ရေး

ဆင်းရဲဒုက္ခတွေ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် “ဖြစ်နိုင်ပါ့မလား”ဆိုတဲ့ မေးခွန်းက ခဏခဏမေးလေ့ရှိတဲ့မေးခွန်း ။ တဆက်တည်း “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး” “ငါတို့ မှာ ငါတို့ပဲရှိတယ် ။ ရအောင်လုပ်ကြမယ်” ဆိုတဲ့စိတ်ဓါတ်တွေ။ ဒီစိတ်ဓါတ်တွေကပဲ တော်လှန်ရေးကို လှုံ့ဆော်အ၊ အပြောင်းအလဲကို တွန်းအားပေးကာ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတယ် မဟုတ်လား။ အကြောက်တရားနဲ့ အတားအဆီးတွေကို ဇွဲလုံ့လ ညီညွတ်မှု နဲ့ ဖြတ်ကျော်ခဲ့ကြတဲ့ သာဓက နှစ်ခုက ဒီတစ်ပတ်ထဲ အတုယူစရာ ပေါ်ထွက်လာခဲ့တယ်။ အောင်ပွဲ နှစ်ပွဲ။ မဖြစ်နိုင်ဘူး ထင်တဲ့ အောင်ပွဲနှစ်ပွဲ ။ အီတလီဘောလုံးကလပ် အတ္တလန္တာက ၃၆၁ ရက်ကြာ ရှုံးပွဲမရှိခဲ့တဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကလည်း FA ဖလား ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးကို အနိုင်ယူခဲ့တယ်။ တော်လှန်ရေးအတွက် အတုယူစရာလို့ စာရေးသူကတော့ တွေးမိတယ်။

▪️လေဗာကူဆင်ကို အတ္တလန္တာရဲ့ မယုံနိုင်စရာအောင်ပွဲ

The Queen ရဲ့ အထင်ကရ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “We are the Champions” က အိုင်ယာလန်မြို့တော် ဒဗ္ဗလင်ရှိ Aviva Stadium မှာ ပဲ့တင်ထပ်လျက် ။ ဘောလုံးသမိုင်းမှာ မှတ်သားထားရမယ့် ညတစ်ညကို အတ္တလန္တာပရိသတ်တွေရဲ့ ရွှင်မြူးစွာ အော်ဟစ်အားပေးသံတွေက ပိုမို အားဖြည့်လို့ ။ မမေ့နိုင်တဲ့ ညနေခင်းမှာ အတ္တလန္တာကလပ်အနေနဲ့ သူတို့ရဲ့ သမိုင်းတလျှောက် ပထမဆုံးသော ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီ ။ အတ္တလန္တာရင်ဆိုင်ခဲ့ရတဲ့အသင်းက လေဗာကူဆင်အသင်း ။ အခုနှစ်မှာ ခြေစွမ်းပြ စံချိန်ချိုးထားတဲ့ အသင်း ၊ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက ဥရောပမှာ လေဗာကူဆင်လိုမျိုး စံချိန်မရှိသေး။ ၅၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ချိုးထားတဲ့အသင်း ။ အတ္တလန္တာ က လေဗာကူဆင်ရဲ့ ရှုံးပွဲမရှိစံချိန်ကို မတွေးဝံ့ဖွယ် ချိုးဖျက်၊ ၃ ဂိုးပြတ် အနိုင်ယူကာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အောင်ပွဲခံနိုင်ခဲ့တယ်။ အသင်းတစ်သင်းရဲ့ အောင်ပွဲသာမက မခံမရပ်တဲ့ စိတ်ဓါတ် အောင်မြင်မှုကို ဆာလောင်တဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ အောင်ပွဲ ။

“ကျွန်တော်တစ်ပွဲမှ မရှုံးဖူးဘူး၊ တကယ်က အချိန်ပြည့်သွားတာပါ” လို့ မိုက်ကယ်ဂျော်ဒန်ကတော့ ပြောဖူးတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းအတွက်တော့ ဒီအရှုံးက ခါးသီးစရာ။ ရှုံးပွဲမရှိ စံချိန်ပျက်သွားတာအပြင် လက်တစ်ကမ်းမှာရှိတဲ့ အထင်ကရ ဖလားတစ်လုံး လက်လွတ်သွားတာပါပဲ။ ပြိုင်ပွဲအရပ်ရပ် ၅၁ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ လေဗာကူဆင်ဟာ ၃၆၁ ရက်အကြာ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်မှာ အတ္တလန္တာကို ယူရိုပါလိဂ် ဗိုလ်လုပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ် ။

အတ္တလန္တာရဲ့ နည်းပြ Gasperini က “ငါတို့သမိုင်းကိုရေးခဲ့တယ်၊ ငါတို့ အနိုင်ရမယ့် လမ်းကြောင်းကို ငါတို့ ရေးဆွဲခဲ့တယ်”လို့ ESPN ကို ပြောကြားခဲ့တယ်။ ဒီသမိုင်းဝင် အောင်ပွဲက ယုံကြည်ချက်နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရဲ့ သက်သေပဲ မဟုတ်လား။ သူတို့ဟာ နှလုံးသားနဲ့ ကစားခဲ့ပြီး မယိမ်းယိုင်တဲ့ ယုံကြည်မှုနဲ့ ပြတ်သားတဲ့ နည်းဗျူဟာ နဲ့ပွဲကို ချဥ်းကပ်ခဲ့တယ်။ အဖွဲ့လိုက်စည်းလုံးမှုကို ပြသခဲ့ပြီး စိန်ခေါ်မှုကို ကျော်လွှားနိုင်ကာ နောက်ဆုံးမှာ ထူးထူးခြားခြား အောင်ပွဲခံနိုင်ခဲ့တယ်။

▪️မန်ချက်စတာယူနိုက်တက်ရဲ့ အောင်ပွဲ

စိတ်လှုပ်ရှားစရာ နောက်ထပ်ဥပမာ တစ်ခုကတော့ အင်္ဂလန်ရဲ့ ဩဇာကြီးမားတဲ့FA ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာစီးတီးကို အနိုင်ယူနိုင်ခဲ့တာပါပဲ ။ ဒီအောင်ပွဲက မန်ချက်စတာယူနိုက်တက်အတွက် ဆုဖလားတစ်လုံး ရရှိဖို့ထက် ပိုပါတယ်။ FA ဖလားမှာ ဘယ်လိုရလဒ်ပဲ ရရ မန်ယူနည်းပြကြီး အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အချိန် ဒီအောင်ပွဲဟာ ဆုဖလားတစ်လုံးထက်အဓိပ္ပါယ်တွေရှိနေပါတယ်။

မန်ချက်စတာစီးတီးဆိုတာ မန်ယူအတွက် မြို့ခံပြိုင်ဘက်ဖြစ်တဲ့အပြင် အင်္ဂလန်ပရီးမီယားလိဂ်မှာ ကြောက်စရာအကောင်းဆုံးအသင်းတစ်သင်း ၊ ဒါပေမယ့် ဒီလိုအသင်းမျိုးကို မန်ယူရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားနှစ်ဦးရဲ့ သွင်းဂိုးတွေနဲ့ အောင်ပွဲခံနိုင်ခဲ့တာကလည်း လူငယ်တွေရဲ့အခန်းကဏ္ဍ၊ လူငယ်တွေရဲ့ လုပ်နိုင်စွမ်းနဲ့ စိတ်အားထက်သန်မှု ။ လူငယ်တွေအပေါ် ခိုင်မာတဲ့ မျှော်လင့်ချက်ကို ယူဆောင်လာခြင်းပါပဲ။ ဒီလိုအောင်ပွဲခံစိတ်ဓါတ်ကပဲ မျှော်လင့်ချက်မီးရှူးတန်ဆောင်ဖြစ်ပြီး အနာဂတ်ကို အိပ်မက်မက်ဝံ့သူတွေအတွက် တောက်ပမှုတွေနဲ့ ရှေ့ခရီးကို အလင်းဆောင်နေမှာပဲ။

ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းနေပါစေ ဘယ်လိုပဲ အနှောင့်အယှက်တွေရှိနေပါစေ လုပ်သင့်တာ လုပ်ရမယ့်အရာတွေကို ကြံ့ကြံ့ခံပြီး နိုင်လိုစိတ်နဲ့ ဖြတ်ကျော်နိုင်တယ် ဆိုတာပါပဲ။

“ဒါဟာ အဆင်မပြေမှုတွေ၊ ဒဏ်ရာတွေ အများကြီးနဲ့ နှစ်တစ်နှစ်အပြီး ငါတို့ ရှင်သန်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ ။ အသင်းက အရမ်းခံနိုင်ရည်ရှိတာ ပြသခဲ့ပြီး သူတို့ကို ဂုဏ်ယူမိပါတယ်။” လို ပွဲအပြီးမှာ အဲရစ်တန်ဟတ်က ဘီဘီစီကိုပြောသွားပါတယ်။

စာရေးသူအတွက်တော့ ဒီအောင်ပွဲတွေဟာ မြန်မာပြည်သူတွေအတွက် သဝဏ်လွှာပါးလိုက်သလိုပါပဲ။ လွတ်လပ်ရေးအတွက် တိုက်ပွဲဟာ ဖိနှိပ်သူရဲ့ ခွန်အားနဲ့ မဆိုင်ဘဲ တရားမျှတမှုကို ရှာဖွေနေသူတွေရဲ့ ခံနိုင်ရည်နဲ့ စည်းလုံးညီညွတ်မှုသာ အခရာဖြစ်တယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ။ စိန်ခေါ်မှုတွေ ဘယ်လိုပဲ ပြင်းထန်ပါစေ။ စည်းလုံးညီညွတ်မှု၊ သန္နိဌာန် နဲ့ ပြတ်သားရှင်းလင်းတဲ့ အမြင်တွေဟာ အောင်ပွဲဆီ ဆောင်ကျဥ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ပဲ မဟုတ်ဘူး။ တရားမျှတမှု ၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကိုလက်ကိုင်ပြုထားတဲ့ အနာဂတ်ကို တည်ဆောက်ရေးဖြစ်တယ်။ ခုခံတွန်းလှန်မှုတိုင်းမှာ “ဖြစ်အောင်လုပ်မယ်” ဆိုတဲ့ စိတ်ဓါတ်က ဆက်လက်ရှင်သန်နေဖို့လိုသလို ခံယူချက်အပြည့်နဲ့ ရပ်တည်ချက်ခိုင်မာသူတွေအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ သက်သေပြလိုက်တာပါပဲ။ ခရီးက ရှည်လျားခက်ခဲပေမယ့် မယိမ်းမယိုင်တဲ့ သန္နိဌာန် ၊ စုပေါင်းအင်အားနဲ့ မျှတခိုင်မာတဲ့ ခံယူချက်တွေနဲ့ ဖြစ်နိုင်စွမ်း လုပ်နိုင်စွမ်းတို့ရဲ့ တန်ခိုးကို ယုံကြည်ပြီး အိမ်မက်မက်သူတွေရဲ့ နှလုံးသားထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ပဲ ဆိုလိုက်ပါရစေ။

ဝီးဂျား

The Tanintharyi Times