တိုတယ်လ် စွမ်းအင်ကုမ္ပဏီ မြန်မာက အပြီးထွက်ပြီ
တိုတယ်လ် စွမ်းအင်ကုမ္ပဏီ မြန်မာက အပြီးထွက်ပြီ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ လွန်ခဲ့တဲ့ ခြောက်လက ကြေညာခဲ့တဲ့ ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး တိုတယ်လ်ဟာ ဇူလိုင် ၂၀ ရက်မှာတော့ မြန်မာကနေ အပြီးထွက်ပြီလို့ ကြေညာပါတယ်။
“TotalEnergies သည် မြန်မာနိုင်ငံမှ လုံးဝဆုတ်ခွာသွားပြီဖြစ်သည်” လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြားမှာ မြန်မာနိုင်ငံအတွက် လုံလောက်တဲ့ အပြုသဘော ပံ့ပိုးကူညီမှုတွေ မလုပ်ဆောင်နိုင်တော့သလို ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ရလာတဲ့ ငွေတွေကို နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်းကနေတစ်ဆင့် စစ်အစိုးရဆီ စီးဆင်းနေမှုကို ရပ်တန့်ဖို့လည်း မလုပ်နိုင်လို့ ခုလို အပြီးတိုင် ထွက်ခွာရတာလို့ တိုတယ်လ်က ရှင်းလင်းထားပါတယ်။
ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထပ်ခါတလဲလဲ ရှုံ့ချပါကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံး ပြန်လည်ရရှိဖို့ ထောက်ခံကြောင်း တိုတယ်လ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ အပြီးသတ် မထွက်ခွာခင်မှာ ရတနာ စီမံကိန်းကနေ ထွက်ရှိတဲ့ဓာတ်ငွေ့ကို ရယူအသုံးပြုနေကြတဲ့ ထိုင်းနဲ့ မြန်မာက ပြည်သူတွေအတွက် သဘာဝဓာတ်ငွေ့ တင်ပို့တဲ့ လုပ်ငန်းတွေ အထစ်အငေါ့မရှိစေဖို့ ထိုင်းကုမ္ပဏီ PTTEP နဲ့ ပူးပေါင်း စီမံခဲ့တယ်လို့ တိုတယ်လ်က ဆိုပါတယ်။
မြန်မာနိုင်ငံက သူတို့ရဲ့ ဝန်ထမ်းတွေကို တူညီတဲ့အလုပ်အကိုင်၊ လစာအခြေအနေနဲ့ အော်ပရေတာအသစ်ဆီမှာ ဆက်လက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ကြောင်းနဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်အနာဂတ်ကို လုံခြုံစေခဲ့ကြောင်း တိုတယ်လ်က ထပ်လောင်းဆိုပါတယ်။
တိုတယ်လ်ကုမ္ပဏီ ထွက်ခွာသွားတဲ့နောက် သူ့ရဲ့ ရှယ်ယာ ၃၁ ရာခိုင်နှုန်းကျော်ကို အခြား ရှယ်ယာရှင်တွေဖြစ်တဲ့ ထိုင်းနိုင်ငံက PTTEP၊ အမေရိကန်နိုင်ငံက ချက်ဗရွန်နဲ့ မြန်မာအစိုးရပိုင် MOGE တို့က ညီတူခွဲဝေ ရရှိကြမှာဖြစ်ပြီး PTTEP က အော်ပရေတာ အသစ်အဖြစ် ဆက်လက်တာဝန်ယူဖို့ သဘောတူထားပါတယ်။
ရတနာ စီမံကိန်းကနေ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံခန့် ထွက်ရှိပြီး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာသုံးဖို့ MOGE ထံ ရောင်းချကာ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ထိုင်းကို တင်ပို့နေတာ ဖြစ်ပါတယ်။
ကိုးကား – Offshore Technology
The Tanintharyi Times
