မလွဲတောင်ဂိတ်မှာ ရဲအချင်းချင်းပစ်ခတ်ပြီး ဒုရဲမှူးတစ်ဦးသေဆုံးတဲ့ သတင်းထွက်ပေါ်နေ
မလွဲတောင်ဂိတ်မှာ ရဲအချင်းချင်းပစ်ခတ်ပြီး ဒုရဲမှူးတစ်ဦးသေဆုံးတဲ့ သတင်းထွက်ပေါ်နေ
ထားဝယ်ခရိုင်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဒုရဲမှူးတစ်ဦးသေဆုံးတဲ့အကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။
အချင်းချင်း ဝေစုမမျှလို့ ပစ်ခတ်မှုဖြစ်ပွါးကာ ပစ်ခတ်ခံရတဲ့ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့တယ်လို့ ရဲသတင်းပေးတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး Tanintharyi Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်အကောင်တွေကတော့ အဆိုပါသတင်းဟာ သတင်းအမှားသာဖြစ်ပြီး သေဆုံးသူဟာ မလွှဲတောင်ဂိတ်မှာကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကုသနေစဥ် ဇူလိုင်လ ၁၇ရက်မှာရောဂါနဲ့သေဆုံးတာသာ ဖြစ်တယ်လို့ရေးသားနေကြပါတယ်။
သေဆုံးသူရဲ့နာရေးကိုတော့ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်က ခရိုင်ရုံးမှာ ဒီကနေ့ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
မလွှဲတောင်စစ်ဆေးရေးဂိတ်ဟာ အစစ်ဆေးကြမ်းတဲ့ဂိတ်တစ်ခုဖြစ်ပြီး ခရီးသည်တွေအပေါ်မှာ ငွေကြေး တောင်းခံတာမျိုးတွေလည်း ရှိနေပါတယ်။
အလားတူ အချင်းချင်းပစ်ခတ်တာမျိုး ပုလောတံတားစစ်ဆေးရေးဂိတ်မှာလည်း ဒီနှစ်အစပိုင်းလောက်ကဖြစ်ပွားခဲ့ဖူးပြီး ထိခိုက်မှုကိုတော့မသိရှိခဲ့ရပါဘူး။
The Tanintharyi Times
