မြန်မာပြည်က ထွက်ခွာသွားတဲ့ ရေနံကုမ္ပဏီ Chevron ရဲ့ အစုရှယ်ယာတွေ စစ်ကောင်စီကို ထောက်ပံ့နေဆဲလို့ JFM ဆို

မြန်မာပြည်က ထွက်ခွာသွားတဲ့ ရေနံကုမ္ပဏီ Chevron ရဲ့ အစုရှယ်ယာတွေ စစ်ကောင်စီကို ထောက်ပံ့နေဆဲလို့ JFM ဆို

ပုံစာ - အမေရိကန်ရောက်မြန်မာတွေ Chevron နဲ့ MOGE တို့ကို ပိတ်ဆို့ပေးဖို့ ဆန္ဒပြနေစဥ်

အမေရိကန် စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ Chevron ဟာ မြန်မာပြည်ကနေ ထွက်ခွာသွားပြီဖြစ်ပေမယ့် Chevron ရဲ့ အစုရှယ်ယာတွေဟာ PTTEP နဲ့ MOGE တို့မှာ ပြန်လည်ခွဲဝေရောင်းချခဲ့တာကြောင့် မြန်မာစစ်အုပ်စုအတွက် အမြတ်အစွန်းများတဲ့ ဝင်ငွေအရင်းအမြစ် ဖြစ်နေဆဲပဲလို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

မုတ္တမကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ဆောင်နေတဲ့ ရတနာဓာတ်ငွေ့စီမံကိန်းက Chevron ကုမ္ပဏီဟာ သူတို့ လုပ်ငန်းတွေကို ရုတ်သိမ်းတော့မယ့် အကြောင်း ၂၀၂၂ နှစ်စကတည်းက ကြေညာခဲ့တဲ့နောက် အချိန် ၂ နှစ်ကျော်အကြာမှာတော့ မြန်မာပြည်ကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Chevron ရဲ့ အစုရှယ်ယာတွေကိုတော့ မူလက ကနေဒါနိုင်ငံပိုင် MTI Energy ကုမ္ပဏီကို ရောင်းချသွားမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ ထွက်ခွာသွားချိန်မှာတော့ ရတနာစီမံကိန်းမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံပိုင် PTTEP နဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဆီ ခွဲဝေရာင်းချခဲ့တယ်လို့ JFM က ဆိုပါတယ်။

Chevron က သူတို့ပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို PTTEP နဲ့ MOGE ထံ လွှဲပြောင်းရောင်းချတာဟာ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားစေဖို့ ခွင့်ပြုပေးလိုက်တာ ဖြစ်ပြီး အဆိုပါ ငွေကြေးအရင်းအမြစ်တွေဟာ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ လက်ထဲမှာရှိနေဆဲ ဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။

PTTEP ဟာ ရတနာနဲ့ ဇောတိကဓာတ်ငွေ့စီမံကိန်းတွေမှာ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်သလို စစ်အုပ်စုနဲ့ အဓိကစီးပွားရေးမိတ်ဖက်ဖြစ်နေပါတယ်။

ရတနာဓာတ်ငွေ့စီမံကိန်းက စစ်ကောင်စီအတွက် အဓိကဝင်ငွေရရှိနေတဲ့ နေရာဖြစ်နေတာကြောင့် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ အဆိုပါစီမံကိန်းလုပ်ငန်း လုပ်သူတွေဟာ ပါဝင်ပတ်သက်သူတွေ ဖြစ်တယ်လို့လည်း Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Chevron ကုမ္ပဏီဟာ မြန်မာပြည်သူတွေအပေါ် ပွင့်လင်းမြင်သာမှု ရှိသင့်သလို မိမိလုပ်ငန်းရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို ဖွင့်ဟထုတ်ဖော်ပြီး တာဝန်ယူမှုအပြည့်ရှိစွာ ထွက်ခွာဖို့နဲ့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကြောင့် ထိခိုက်နစ်နာခဲ့ရသော မြန်မာနိုင်ငံသားတွေအပေါ် လျော်ကြေးပေးဖို့ ဘယ်လို စီစဉ်ထားသလဲဆိုတာကို ဖော်ပြသင့်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။

Chevron အနေနဲ့ အခုလိုထွက်ခွာသွားတာတခုထဲနဲ့ OECD လမ်းညွှန်ချက်တွေ၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများအောက်မှာ Chevron ရဲ့ လူ့အခွင့်အရေးဆိုင်ရာတာဝန်တတ္တရားတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

Justice for Myanmar ကတော့ စစ်အုပ်စုက ကျူးလွန်နေတဲ့ သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အရပ်သားပြည်သူတွေကို အဓမ္မရွှေ့ပြောင်းစေမှုတို့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေတွေက ထောက်ပံ့ပေးထားတာကြောင့် ဒါတွေကို ရပ်တန့်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

ရတနာဓာတ်ငွေ့စီမံကိန်းကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် အစိုးရက လက်ခံရရှိနေတယ်လို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စာရင်းတွေအရ သိရပါတယ်။

ကနေဒါ၊ ယူကေ၊ ဩစတြေးလျအနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူရန်၊ အမေရိကန်က အပြည့်အဝပိတ်ဆို့ရန်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ပင်တားမြစ်ချက်တွေ ဆက်လက်သက်တမ်းတိုးလုပ်ဆောင်ရန် နိုင်ငံတကာအစိုးရတွေကို JFM က တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times