ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာနေလို့ မြို့သိမ်းတိုက်ပွဲတွေ အကောင်အထည်မဖော်သေးတာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ဟိုင်ဂင်သဘောတူညီချက်တွေကို လိုက်နာနေလို့ မြို့သိမ်းတိုက်ပွဲတွေ အကောင်အထည်မဖော်သေးတာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ကြောင့်သာ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို အကောင်အထည်မဖော်တာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဟိုင်ဂင်သဘောတူညီမှု အချိန်တပတ်ပြည့်ခဲ့ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ သဘောတူညီထားတဲ့အတိုင်း လိုက်နာနေတာ ဖြစ်ကြောင်းနဲ့ စစ်ရေးအရှိန် အနည်းငယ်ရပ်တန့်သွားတယ်လို့ ထင်ရပေမယ့် ၁၀၂၇ စစ်ဆင်ရေးဟာ ဆက်လက်ရွေ့လျားနေပြီး ပြည်သူတွေ လိုလားတဲ့ ဘုံရည်မှန်းချက်အတိုင်း ပုံမှန်အလုပ်လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဟိုင်ဂင်သဘောတူညီချက်ထဲမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MMDAA တို့ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်မပြုလုပ်ဖို့နဲ့ စစ်ကောင်စီဘက်က ရှမ်းမြောက်ရှိ ညီနောင် ၃ ဖွဲ့တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ဆိုတဲ့ အချက် ပါဝင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ၁၁ ရက်နေ့က သဘောတူထားတဲ့ ဟိုင်ဂင် အပစ်ရပ်သဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ ၁၂ ရက်နေ့ကနေစပြီး ရှမ်းမြောက်ရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က တရက်ထဲမှာပဲ တအာင်းတပ်မတော် TNLA တပ်မဟာ (၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ မိုးမိတ်မြို့နယ်၊ ရွှေဆာလီကျေးရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ ၈ ကြိမ်၊ ATR-72 နဲ့ ၃ ကြိမ်၊ Y-12 နဲ့ ၅ ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တိုင် လုပ်ဆောင်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ၁၇ ရက်နေ့ညက ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံလူငယ်တဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အခုလို အင်တာနက်ဖြတ်တောက်ခံရတဲ့ အခြေအနေမှာ စစ်ကောင်စီဘက်က ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်တတ်တဲ့ အထောက်အထားတွေ အရင်ကလည်း ရှိခဲ့တာကြောင့် စိုးရိမ်မိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

ကိုးကန့်ဒေသမှာလည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေရဲ့ အန္တရာယ်ကြောင့် မိုင်းနင်းမိတဲ့ အရပ်သား ၃ ဦးတို့ဟာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဟိုင်ဂင်သဘောတူညီမှု မတိုင်ခင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ဟာ မြို့ပေါင်း ၁၆ မြို့ကို သိမ်းပိုက်ရရှိထားကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

The Tanintharyi Times