ကော့ကရိတ် မှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ လေးသောင်းကျော် စစ်ဘေးရှောင် နေရ

ကော့ကရိတ် မှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒေသခံ လေးသောင်းကျော် စစ်ဘေးရှောင် နေရ

Photo - ကော့ကရိတ် မြို့က စစ်ဘေးရှောင် ကလေးငယ်များ

ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နဲ့ မြဝတီမြို့ ကိုချိတ်ဆက်ထားတဲ့ အာရှလမ်းပိုင်း ကိုစစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတာကြောင့် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ဒေသခံ ၄၀၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေရတယ်လို့ သိရှိရပါတယ်။

ဇန်နဝါရီ လ ၈ ရက်နေ့ ထိ ကောကရိတ်မြို့မှာ တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေပြီး ဒေသခံစစ်ရှောင်ပြည်သူတွေအတွက် စာနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ အများပြားလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးနေသူတွေ က Connect Burma ကိုပြောပါတယ်။

ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းတိုက်ပွဲ တွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့ပေါ် နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပြီး စစ်ဘေးရှောင်ဒေသခံတွေ အတွက် နေရာတိတိကျကျ မရှိသေးဘူးလို့ သိရပါတယ်။

” စစ်ရှောင်တွေအတွက် အခုထိ စစ်ရှောင်နေရာ တိတိကျကျရယ်လို့ မရှိဘူး။ ‌ဟိုတစ်စု ဒီတစ်စုနဲ့ နေရာတွေပြန့်နေတာ။ တိုက်ပွဲကာလ တစ်လကျော်လာတော့ သူတို့အတွက် နေရေးထိုင်ရေး စာဖို့အတွက် ရိက္ခာတွေက ပိုလိုလာတယ်။ နေထိုင်ရတာ အဆင်မပြေတော့ ကျန်မာရေးချို့တဲ့လာတော့ ဆေးတွေလဲ အများကြီးလိုတယ်” လို့ ကော့ကရိတ်မြို့က စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Connect Burma ကို ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ဘေးရှောင်လူဦးရေ ၄၀၀၀၀ ကျော်ရှိပြီး တချို့ဒေသခံတွေက တော့နီးစပ်ရာ မြို့တွေကိုရွေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

ကျုံဒိုး၊ အိန္ဒု၊ နဘူး၊ ကမ်းမရိုက်၊ ကမ်းနီ၊ သာမည၊ ဘာအံ၊ မော်လမြိုင် စတဲ့နေရာတွေမှာ အများဆုံး သွားရောက် ရှောင်တိမ်းနေကြရပြီး အဲ့ဒီမြို့တွေမှာသွားရောက်နေထိုင်ကြတဲ့ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ ကြား ရှိတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ စစ်ဘေးရှောင်နေရာ အချို့မှာ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ CIDKP၊ ကရင်အမျိုးသမီး အသည်းအရုံး KWO၊ ကရင်လူငယ်အစည်းအရုံး KYO တို့ကနေ စစ်ရှောင်‌ပြည်သူတွေကို စားနပ်ရိက္ခာ ပေးဝေ‌မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြိုနဲ့ အာရှလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် လက်ရှိမှာ ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုသွားလာနေကြရတာ ဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times