မဲဆောက်အချုပ်ရောက် ပြည်ပြေး သံဒေါင့်
မဲဆောက်အချုပ်ရောက် ပြည်ပြေး သံဒေါင့်
ဒီလိုနေရာမျိုးမှာမှ တည့်တည့်တိုးလေတော့ ကိုယ့်ကံကြမ္မာကိုယ်ပဲ အပြစ်တင်မိတော့တယ်။လမ်းမကြီးပေါ်မှာ ရဲဆိုင်ကယ်နဲ့ ကိုယ့်အီးဘိုက် ၂စီးတည်း။ ရဲဆိုင်ကယ်က ဟွန်းတီးပြီး ရပ်ဖို့ လက်ပြလိုက်တာကြောင့် အီးဘိုက်ကို သူ ရပ် လိုက်တယ်။ ပြီးတော့ ရဲတစ်ဦးက တစ်ခွန်းတည်း တက် လို့ဆိုကာ လက်ညှိုးညွှန် လိုက်တာနဲ့ အီးဘိုက်ပေါ်ကနေ ရဲဆိုင်ကယ်ပေါ် ပြောင်းတက်။ ရဲအငယ်တစ်ယောက်က သူ့အီးဘိုက်ပေါ် တက်ခွကာ ရဲစခန်းသို့ ထွက်လာကြတယ်။
သူက မဲဆောက်မြို့ပြင် ရွာတစ်ရွာက သူ့လို ပြည်ပြေး မိတ်ဆွေတွေဆီ အလည်သွားပြီး ပြန်လာခဲ့တာ။ ဖမ်းမိတာက မဲဆောက်မြို့ပြင်က ကားလမ်းတစ်နေရာမှာ။အပြန်မှာ သူငယ်ချင်းတွေတိုက်တဲ့ ထိုင်းအရက်ဖြူတစ်ခွက်လည်း သူ ကစ်လာတာမို့ နည်းနည်း ကောင်းတယ်ဆိုရုံ။ ရဲတွေက အရက်နံ့ရတာကြောင့် ဖမ်း လိုက်တာလို့ သူ တွက်လိုက်တယ်။ဘာပဲဖြစ်ဖြစ် ဒီလိုရဲဆိုင်ကယ်ကြီးပေါ် တက်စီးနိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့ လို့ ပြောင်ချော်ချော် တွေးလိုက်မိသေးတယ်။
အရက်သောက်ပြီး အီးဘိုက်မောင်းတဲ့အမှုမို့ အမှုတော့မကြီး။ ရဲတွေက မဲဆောက်ရောက် ပြည်ပြေး မြန်မာတွေကို စစ်လို့ အရက်နံ့ရခဲ့ရင် ဆိုင်ကယ်၊ ကား၊ အီးဘိုက်နဲ့ စက်ဘီး ကြိုက်တာစီး မူးမောင်းအမှု ဆွဲကပ်ကာ အချုပ်ထဲ မသွားချင်ရင် ဘတ်သုံး၊ လေးထောင် လာထား။ ဘာယာဉ်မှမစီးဘဲ လမ်းလျှောက်လာတဲ့ ပြည်ပြေးဆီက အရက်နံ့ရတယ်ဆိုရင်လည်း တရားမဝင်မို့ အရက်သောက်ထားပြီး ပြစ်မှုတစ်ခုခု ကျူးလွန်တော့မှာ လိုလို အရက်နံ့ရခြင်းဟာ ပြစ်ချက်တစ်ခု ငွေနဲ့သာ ရှင်းရ။ ပြည်ပြေးဆိုရင် အရက်သောက်ခွင့် မရှိဘူးလို့ပဲ ထိုင်းရဲတွေက သတ်မှတ်ထားလေသလား မပြောတတ်။
မဲဆောက်မြို့ရဲစခန်းကိုရောက်တော့ စခန်းဝန်း ဝင်ဝင်ချင်း ဘယ်ဘက်က အောက်ရုံးလို့ခေါ်တဲ့နေရာမှာ မြန်မာစကားပြန်တွေက ဆီးကြိုလို့နေတယ်။ သူတို့က ထိုင်းနိုင်ငံသားမဟုတ်၊ အနေကြာ မြန်မာလို့ ပြောကြတဲ့ ထိုင်းစကားကျွမ်းကျင်သူ မွတ်ဆလင်၃ဦး။ ထုံးစံအတိုင်း ပိုက်ဆံစကားမပြောဘဲ ပိုက်ဆံမကျ ကျအောင် ရစ်တော့တယ်။
သူက ရဲကတ်လို့ခေါ်တဲ့ တစ်လ ဘတ်၃၀၀ လိုင်းကြေးပေးပြီးသား။ ဒါပေမဲ့၊ သူ့စိတ်ထဲ သူ့ကိုဖမ်းတာ အရက်နံ့ရတာကြောင့် မူးမောင်းလို့ ထင်နေတော့ ရဲကတ်လုပ်ထားကြောင်း ပြောပြဖို့ရာ ကံဆိုးခြင်းကြီးစွာနဲ့ မေ့လျော့။ ညနေ၃နာရီလောက် ရဲစခန်းရောက်ပြီး ၆နာရီထိုးတဲ့အထိ လှည့်ပတ်ရစ်နေလေတော့ သူ စိတ်မရှည် နိုင်တော့။ သူက တက်ကြွလှုပ်ရှားသူ၊မဲဆောက်မှာ အလုပ်အကိုင်မရှိဘူးလို့ တွင်တွင်ပြောနေတာတောင် ရစ် နေလေတော့ ဖြစ်ချင်ရာဖြစ် ဥပဒေအတိုင်းသာ ဆောင်ရွက်ပါလို့ ခပ်တင်းတင်းပြောချလိုက်တယ်။
အဲဒီစကားက ရဲတွေ မကြားချင်ဆုံးစကား။ ဘာလို့လဲဆိုတော့ ရဲတွေက ဥပဒေနဲ့အညီ ဆောင်ရွက်ချင်လို့ ဖမ်းတာမဟုတ်ဘဲ ငွေလိုချင်လို့ ဖမ်းတာဆိုတော့ ဘယ်ကြားချင်ပါ့မလဲ။ ပြီးတော့ ရဲတွေက သူတို့ကို ခပ်တင်းတင်း ပြန်ဆက်ဆံတာမျိုးကိုမကြိုက်။ ဟုတ်တော့ ဟုတ်တယ်လေ။ သူတို့နိုင်ငံထဲ ပြည်ပြေးအဖြစ်နဲ့ တရားမဝင်လာနေထိုင်သူတွေက သူတို့လိုအာဏာပိုင်တွေအပေါ် ဂရုမစိုက်ဘူးဆိုတဲ့အပေါက်မျိုး လုပ်တာကျ ဘယ်ကြိုက်ပါ့မလဲ။
သူကလည်း မဲဆောက်ရောက်ပြည်ပြေးဘဝမှာ အလုပ်အကိုင်မယ်မယ်ရရမရှိ၊မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချ၊ရှိစုမဲ့စု အိမ်လေးတစ်လုံးကို မျက်စိစုံမှိတ်ရောင်းချပြီး ရတဲ့ငွေလေးနဲ့ မိသားစုခြစ်ခြုပ်သုံးစွဲ နေရတဲ့သူ။ လက်ထဲရှိတဲ့ငွေ ကုန်သွားရင် တရားမဝင် ပြည်ပြေးဘဝ ဘယ်လိုရှေ့ဆက်ရမယ်မသိ။စိတ်တွေက အမြဲဆိုသလို နောက်ကျိ မွန်းကျပ်။မဲဆောက်ရောက် ပြည်ပြေးများစွာ ကြုံနေရတဲ့ ကြွပ်ဆတ် မာကျောနေတဲ့စိတ်က ကြီးစိုးနေတာမို့ ဖြစ်ချင်ရာသာ ဖြစ်ပါစေတော့လို့ ခပ်ပြတ်ပြတ် တွေးလိုက်မိတာပေါ့။
ထိုင်းရဲတွေက ချက်ချင်းဆိုသလိုပဲ ဥပဒေနဲ့အညီ လက်ဗွေနှိပ်ခိုင်းပြီး စာရွက်တစ်ရွက်ပေးတယ်။ ပြီးတော့ လက်ထိပ်ခတ်ကာ အချုပ်ထဲဝင်တော့လို့ဆိုတယ်။ ရဲစခန်းအချုပ်က ထီးထီးကြီး ဟီးနေတဲ့ ရဲစခန်း အဆောက်အအုံကြီးရဲ့ အောက်ထပ်မှာ။ ဘာ့ကြောင့်မှန်းမသိ မြေညီထပ်မှာရှိတဲ့အချုပ်ကို ၂ထပ်အချုပ်လို့ ခေါ် တယ်။
အချုပ်ထဲရောက်တော့ ထိုင်းစကားလည်းကျွမ်းလို့ အချုပ်ခန်းတန်းစီးသဖွယ် ဖြစ်နေတဲ့ မြန်မာအချုပ်သားတစ်ဦးက ရဲပေးလိုက်တဲ့သူ့ အိတ်ကတ်ထဲက စာရွက်ကိုထုတ်ကြည့်ကာ “အစ်ကို့ကို သံဒေါင့်အမှုနဲ့ ဖမ်းထားတာ”လို့ဆိုတယ်။ သံဒေါင့်အမှုဆိုတာ ဘာလဲဆိုတော့ အထောက်အထားမဲ့အမှု။ သံဒေါင့်ဆိုတာ ထိုင်း အခေါ်ကို မြန်မာသံနဲ့ အသံထွက်လိုက်တာမျိုးလို့ ထင်ရပေမဲ့ သူ ထပ်မမေးမိ။
“အစ်ကို့အမှုက အေးဆေးပါပဲ။ ပိုက်ဆံပေးလိုက်ရင် လွတ်တယ်”လို့ တန်းစီက ထပ်ပြောတာကြောင့် သူ မျှော်မှန်းထားသလိုပဲလို့ တွက်ကာ စိတ်နည်းနည်းအေးရတယ်။ ဘာပဲဖြစ်ဖြစ် သူထင်ထားသလို မူးမောင်း အမှုလည်း မဟုတ်တော့ ဘာပဲဖြစ်ဖြစ် ရှင်းရ ပိုလွယ်မယ်လို့လည်း စိတ်ဒုံးဒုံးချမိတယ်။အောက်ရုံးကိုရောက်ခါ စတုန်းက မိန်းမဆီ ဖုန်းတစ်ချက်ခေါ်ကာ ရဲစခန်းရောက်နေကြောင်း ပြောထားတာကြောင့် မနက်ဖြန် မိန်းမ လိုက်လာမှ လွတ်မြောက်ရေးလမ်းကို ရှာကြံတော့မယ်လို့ တွေးကာ ရောက်ခဲလှတဲ့ မဲဆောက်အချုပ်ဆီပဲ အာရုံလွှဲလိုက်တယ်။
အချုပ်ခန်းက အကျယ်ကြီးမဟုတ်ပေမဲ့ ကျပ်ခဲနေတာမျိုးမရှိ။စုစုပေါင်း အချုပ်သား၃၀ ဝန်းကျင်၊ အသက်၂၀၊၂၅ နှစ်အရွယ် မြန်မာလူငယ်တွေချည်း။အမှုတွေကို မေးကြည့်တော့ မူးယစ်ဆေးဝါးအမှု၊ရန်ဖြစ်မှု၊ ဆိုင်ကယ် ခိုးမှုနဲ့ သံဒေါင့်အမှု။ သံဒေါင့်အမှုတွေကို စပ်စုကြည့်လိုက်တော့ သူလို မဲဆောက် အခြေစိုက် နိုင်ငံရေးပြည်ပြေးမပါ။ ဘန်ကောက်ကို ခိုးလမ်းကနေ တက်ရင်း လမ်းမှာ ဖမ်းမိတဲ့သူတွေတဲ့။ ထုံးစံအတိုင်း သူတို့ရဲ့ ပွဲစားက ဘယ် ရောက်လို့ရောက်နေမှန်းမသိ။ သူတို့ခမျာ တိုင်းပြည်ပျက်ပြီး အလုပ်အကိုင်ခက်နေလို့ ရှိစုမဲ့စုလေးတွေ ရောင်းချ၊ပွဲစားခပေးကာ ပြည်ပထွက်ခွာ အလုပ်ရှာကာမှ ငွေလည်းဆုံး၊အချုပ်ခန်းထဲလည်း ရောက်ရတဲ့ဘဝ။
သူတို့ရဲ့ လတ်တလောအနာဂတ်အကြောင်း တန်းစီးကို မေးကြည့်တော့ “သူတို့ကို တရားစွဲမယ်ဆိုရင် ထောင်ကျမယ်။ ထောင်ကျပြီး လွတ်ရက်စေ့လို့ လွတ်လာရင် တောမောင်းအချုပ်(လဝကအချုပ်)ရောက်မယ်။ အဲဒီကနေမှ မြန်မာနိုင်ငံဘက် ပြန်သွန်မယ်”လို့ ဆိုရဲ့။ထောင်ကျရက်ကိုမေးကြည့်တော့ ၁လကျော်။
“မြဝတီဘက် ပြန်ရောက်ပြီးတော့ ကိုယ့်ရပ်ရွာပြန်ဖို့ လမ်းစရိတ်မရှိတော့ ဘယ်သူပေးမလဲ”လို့ သံဒေါင့်အမှုရှင်တစ်ဦးက မေးတော့ တန်းစီးလည်း မဖြေနိုင်။ အရင့် အရင် NLDနဲ့အစိုးရနဲ့ သန်းရွှေခန့် ကြံ့ဖွတ် အစိုးရလက်ထက်တုန်းက မြန်မာဘက်ကမ်းရောက်ပြီးနောက် အိမ်ပြန်စရိတ် ပေးကြောင်း သိခဲ့ပေမဲ့ အခုက တော့ ပေးလိမ့်မယ်မထင်။
“ကျနော်တို့က ထိုင်းမှာ ဒုက္ခတွေ တော်တော်ခံပြီးပြီဆိုတော့ မကြောက်တော့ဘူး။ မြန်မာဘက်ခြမ်း ရောက်မှ စစ်တပ်က ဖမ်းဦးမှာလား။မဖမ်းရင်တောင် အိမ်ရောက်အောင် ဘယ်လိုပြန်ရမလဲ။ တိုက်ပွဲတွေကလည်း များကများနဲ့ဆိုတော့ တွေးကြောက်နေရတာ”လို့ သံဒေါင့်တစ်ဦးက ဆိုတယ်။
မြင်နေရတဲ့ ဟိုဘက်က အမျိုးသမီးအချုပ်ခန်းမှာလည်း ဘန်ကောက်အတက်လမ်းမှာအဖမ်းခံရတဲ့ သံဒေါင့်အမှုနဲ့ အမျိုးသမီးငယ် ၃ဦး။ သူတို့ရဲ့ လှတပတ မျက်နှာတွေလည်း အရောင် အဆင်းကင်းမဲ့စွာနဲ့ ဖရိုဖရဲ။ သူတို့သည်လည်း ဟိုရောင်းဒီပေါင် အရင်းအနှီးပြုကာ ထိုင်းသို့ထွက်ခွာ အလုပ်လာရှာကြသူတွေ။ ဘဝဟာ အိမ်ပြန်ရောက်တယ်ပဲထားဦးတော့၊အလုပ်မရှိအကိုင်မရှိ အကြွေးပတ်လည်နဲ့ အနာဂတ်ဆိုတာကို ဖယောင်းကျက်လို့ပဲ သဘောထားရတော့မယ့်ပုံ။
ကိုယ်စီ သက်ပြင်းတွေ ဆေးလိပ်ငွေ့တွေနဲ့ မှိုင်းပျနေစဉ်မှာပဲ ထမင်းထုပ်လေးတွေ ရောက်လာတယ်။ အချုပ်သား တစ်ယောက်ကို လက်သီးဆုပ်လောက် ထမင်းတစ်ထုပ်နဲ့ အရွက်ကြော်နည်းနည်း။ ထည့်စရာ ပန်းကန် ခွက်ယောက်မရှိ။ ဒီအတိုင်း ကြွပ်ကြွပ်အိတ်နဲ့ နယ်ဖတ်စားလိုက်တော့ အရသာရယ် ဘယ်ရှိမလဲ။
အချုပ်ဆိုတာ အိမ်မှ မဟုတ်ဘဲ။ မျက်လုံးကို မှိတ်လိုက်တော့ ကျန်ခဲ့တဲ့သားနဲ့မယားရဲ့မျက်နှာက ပေါ် လာတယ်။ အိပ်ပျော်အောင် ကြိုးစားကြည့်တယ်။ မျက်လုံးက ငိုက်ကျ ချင်နေပေမဲ့ စိတ်က အိပ်မပျော်။ ဒါနဲ့ တခြားအချုပ်သားတွေလိုပဲ ဆေးလိပ်ကို မီးညှိလိုက်တယ်။ မီးခိုးငွေ့တွေကို သေနေတဲ့မျက်လုံးရှင်နဲ့ ငေးနေလိုက်တယ်။အတွေးတွေက ဗလာနယ်။
လင်းခေတ်
The Tanintharyi Times
