ဦးပိုင်ကုမ္ပဏီထံ ရှယ်ယာအားလုံးရောင်းပြီး မြန်မာမှ အပြီးထွက်မယ်လို့ ဂျပန်ဘီယာကုမ္ပဏီ Kirin ထုတ်ပြန်
ဦးပိုင်ကုမ္ပဏီထံ ရှယ်ယာအားလုံးရောင်းပြီး မြန်မာမှ အပြီးထွက်မယ်လို့ ဂျပန်ဘီယာကုမ္ပဏီ Kirin ထုတ်ပြန်
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် အကျိုးတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဘီယာထုတ်လုပ် ရောင်းချခဲ့တဲ့ ဂျပန်ကုမ္ပဏီ Kirin ဟာ သူတို့ပိုင်ရှယ်ယာအားလုံးကို ဦးပိုင်ထံ ရောင်းပြီး မြန်မာနိုင်ငံကနေ အပြီး ထွက်တော့မယ်လို့ ကြာသာပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ Kirin ကုမ္ပဏီကို ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဖိအားပေးတာတွေ ရှိလာပြီးနောက်ပိုင်း Kirin ဟာ ဦးပိုင်နဲ့ ပူးပေါင်းမှု ရပ်တန့်မယ်လို့ ကနဦး ကြေညာခဲ့ပါတယ်။
အဲဒီလို ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းမှု ရပ်တန့်ပြီး အခြားပြည်တွင်း မိတ်ဖက်ကုမ္ပဏီသစ် ရှာဖွေကာ မြန်မာစျေးကွက်မှာ ဆက်နေလိုကြောင်း Kirin ကုမ္ပဏီက ပြောခဲ့ပေမယ့် ရှယ်ယာရှင်နှစ်ဖွဲ့ကြား အငြင်းပွားမှုတွေ ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ တရားရုံးအထိ ရောက်ခဲ့ကြပါတယ်။
အခုအခါမှာတော့ Kirin က မြန်မာဘီယာစျေးကွက်မှာ ဆက်နေလိုတဲ့ သူတို့ရဲ့ ဆန္ဒကို စွန့်လွှတ်ပြီး ဦးပိုင်ကုမ္ပဏီနဲ့ ပူးတွဲပိုင်ဆိုင်တဲ့ မြန်မာဘရူဝါရီ ကုမ္ပဏီရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ကျပ်ငွေ ၃၂၄ ဘီလီယံနဲ့ ဦးပိုင်ကုမ္ပဏီထံကိုပဲ လွှဲပြောင်းရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဂျပန်ကုမ္ပဏီဟာ ဦးပိုင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်တဲ့နေရာမှာ နည်းလမ်းသုံးမျိုး စဉ်းစားခဲ့ပြီး ရှယ်ယာတွေကို တစ်ခြားကုမ္ပဏီတစ်ခုထံ ရောင်းချတာ၊ မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းတာနဲ့ ရှယ်ယာ လွှဲပြောင်းရောင်းချတာ စတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Kirin ပိုင် ရှယ်ယာတွေကို မြန်မာပြည်တွင်းက အခြားကုမ္ပဏီတစ်ခုထံ ရောင်းချဖို့အတွက် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ အာဏာပိုင်တွေရဲ့ သဘောတူညီမှု လိုအပ်တဲ့ အခြေအနေမှာ ရှယ်ယာဝယ်ယူနိုင်မယ့် ကုမ္ပဏီ ရှာဖွေတာနဲ့ လွှဲပြောင်းရောင်းချရေး ကိစ္စတွေဟာ အချိန်ကြာမှာဖြစ်လို့ အဲဒီနည်းလမ်းကို မရွေးခဲ့ဘူးလို့ Kirin က ပြောပါတယ်။
ဒါ့အပြင် ပူးတွဲပိုင်ဆိုင်တဲ့ မြန်မာဘရူဝါရီ ကုမ္ပဏီကို ဖျက်သိမ်းဖို့အတွက်မှာလည်း ကုမ္ပဏီဝန်ထမ်းတွေနဲ့ အခြား မိတ်ဖက် စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်လို့ နောက်ဆုံးမှာ ဦးပိုင်ကုမ္ပဏီထံကိုပဲ ရှယ်ယာအားလုံး လွှဲပြောင်းရောင်းချဖို့ ဆုံးဖြတ်ခဲ့ရကြောင်း Kirin က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာဘီယာ အပါအဝင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ အရက်၊ ဘီယာတွေကို ပြည်သူအများစုက သပိတ်မှောက်ခဲ့ကြလို့ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ မြန်မာဘရူဝါရီဟာ အမြတ်ငွေ နှစ်စဉ် ကျပ် ၁၇၀ ဘီလီယံကျော်ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ၉၆ ဘီလီယံ ဝန်းကျင်အထိ လျော့ကျသွားခဲ့ပါတယ်။
Kirin ကုမ္ပဏီဟာ ဦးပိုင်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ နောက်ထပ် ယမကာကုမ္ပဏီဖြစ်တဲ့ မန္တလေး ဘရူဝါရီ လီမိတက်က ရှယ်ယာတွေကိုလည်း အလားတူ လွှဲပြောင်းရောင်းချဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကား – NIKKEI Asia
The Tanintharyi Times
