တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက် ဇဝဲဂိတ်ဖြတ်သန်းခွင့် စစ်ကောင်စီပိတ်ထား
တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက် ဇဝဲဂိတ်ဖြတ်သန်းခွင့် စစ်ကောင်စီပိတ်ထား
တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ဒီကနေ့မှာပိတ်ထားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ရက်က စစ်ကောင်စီတပ်ကားနဲ့ ခြေလျင်စစ်ကြောင်းတွေ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒီနေ့မှာ ဇဝဲရွာလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ချလိုက်တာပါ။
ဂိတ်ကိုဖြတ်တဲ့ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေနဲ့ ဆိုင်ကယ်တွေအပါအဝင် ဘယ်ယာဥ်အမျိုးအစားကိုမှ ဒီနေ့(စက်တင်ဘာ ၈ ရက်)မှာ ဖြတ်ခွင့်ပေးမှာမဟုတ်တဲ့အကြောင်း ဂိတ်မှာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖြတ်သန်းသွားလာသူတွေကို မနေ့မွန်းလွဲပိုင်းကတည်းက ပြောဆိုလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်မှာ ကားတချို့စမ်းသွားကြည့်ပေမဲ့ ဖြတ်ခွင့်မပေးလို့ ပြန်လှည့်လာခဲ့ရတာ ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခုပိတ်ဆို့မှုဟာ ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာမျိုး ပြောဆိုထားတာတော့ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့လ တတိယအပတ်လောက်ကလည်း ဆန်၊ လောင်စာဆီနဲ့ ဆေးဝါးတွေကို အဲဒီဂိတ်ကနေ ဖြတ်သန်းသယ်ယူခွင့်မပြုဘူးလို့ စစ်ကောင်စီတပ်သားတွေက ကန့်သတ်ခဲ့ဖူးပါတယ်။ ဒီကန့်သတ်ချက်ကို တစ်ပတ်ခန့်အကြာမှာ ဖြေလျှော့ခဲ့ပြီး ဆန်၊ လောင်စာဆီနဲ့ ဆေးဝါးတွေပြန်သယ်ခွင့်ရခဲ့ပေမဲ့ ဒီကနေ့မှာ ဖြတ်သန်းခွင့်ပါ ပိတ်ခံလိုက်ရတာပါ။
ဖြတ်သန်းခွင့်ပိတ်ခံရတဲ့ ဇဝဲရွာလမ်းဆုံဂိတ်ဟာ မြိတ်မြို့နယ်ကနေ တနင်္သာရီမြို့နယ်ကို လာရင် အဓိကဖြတ်ကျော်ရတဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်း၊ အပေါ်ပိုင်းတစ်ခုလုံးကကုန်တွေ တနင်္သာရီမြို့နယ်ကို အဓိက ဝင်ရောက်ရာ ဂိတ်ပေါက်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဂိတ်ပိတ်လိုက်တဲ့ သတင်းက ကျေးရွာတွေမှာပျံ့နှံ့နေပြီး ပိတ်ရက်ကြာရှည်မှာကို ဒေသခံတွေစိုးရိမ်မှု ရှိနေပါတယ်။
“ကုန်စျေးနှုန်းတွေ တက်လာပြန်တော့မယ်ဆိုပြီး စိတ်ပူနေကြတာ။ အဓိကဆန်စျေးတွေပူနေကြတာ” လို့ တကူတိုက်နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တနင်္သာရီမြို့နယ်အတွက် အရေးပါတဲ့ ဇဝဲဂိတ်ကို စစ်ကောင်စီက အခုနှစ် အတွင်းမှာ ပိတ်တာ၊ ကုန်သယ်ယူခွင့်တားမြစ်တာတွေကို တစ်ကြိမ်မက လုပ်ခဲ့ပါတယ်။ မေလကလည်း တစ်ပတ်ခန့်ဖြတ်သန်းခွင့်ပိတ်မယ်လို့ စစ်ကောင်စီတပ်က နှုတ်အမိန့်နဲ့ကန့်သတ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ဖြတ်သန်းခွင့် ပြန်ပြုခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးက “ပြည်သူတွေရဲ့ဘဝကို လုံးဝထည့်မစဥ်းစားဘဲ လုပ်ချင်သလိုလုပ်နေတာ မြင်သာပါတယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီက တနင်္သာရီမြို့နယ်နဲ့အောက်ဘက် ကပ်ရပ်ဖြစ်တဲ့ ဘုတ်ပြင်းဘက်က ဝင်ပေါက်ကိုတော့ ပိတ်ထားတာမျိုးမရှိပါဘူး။
စက်တင်ဘာလ ၆ ရက်က တနင်္သာရီမြို့နယ်၊ ကော့မပျဥ်းကျေးရွာအနီးစစ်ကောင်စီစစ်ကြောင်းကို သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားကြပါတယ်။
The Tanintharyi Times
