တနင်္သာရီမြို့နယ်မှာ ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျပြီး သေဆုံး

တနင်္သာရီမြို့နယ်မှာ ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျပြီး သေဆုံး

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ သက္ကကျော်ရွာမှာ ဘောင်အခိုင်အမာမရှိတဲ့ ရေတွင်းထဲကို ကလေးငယ်တစ်ဦးပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့က ညနေ ၄ နာရီခွဲအချိန်လောက်မှာ အသက် ၇ နှစ်အရွယ် မောင်ခန့်စည်သူကို အနက် ၆ တောင်ကျော်ရှိတဲ့ ရေတွင်းထဲမှာ သေဆုံးနေတာကို မိသားစုနဲ့ ဒေသခံတွေ တွေ့ခဲ့ကြတာပါ။

“သူ့အစ်မနဲ့ရေသွားချိုးတာ။ အစ်မတစ်ယောက်ပဲ အိမ်ပြန်လာပြီး သားက မရောက်လာသေးတော့ မိဘတွေ တစ်ရွာလုံးပတ်ရှာတာ။ မရနိုင်ကောင်းဆုံး ရေတွင်းထဲများ ကျနေမလားဆိုပြီး သားငယ်တစ်ယောက်ကို ဆင်းကြည့်ခိုင်းမှ ရေတွင်းထဲမှာ တွေ့တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

မောင်ခန့်စည်သူနဲ့အတူရေသွားချိုးခဲ့တဲ့ အမဖြစ်သူမှာ အသက် ၁၃ နှစ် အရွယ်သာရှိပြီး စိတ်ကျန်းမာရေး အားနည်းသူဖြစ်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ ရေတွင်းတွေကို အင်္ဂတေကွင်းတွေနဲ့ ရေတွင်းဘောင်လုပ်ထားကြတာတွေရှိသလို ဘောင်မရှိဘဲ မြေပြင်နဲ့တစ်သားတည်းဖြစ်နေတဲ့ ရေတွင်းတွေကို အသုံးပြုနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

“ရေကိုသောက်လို့၊ သုံးလို့ရရင်ရပြီဆိုတာလောက်ပဲ တွင်းတူးထားကြတဲ့ သဘောမျိုးပဲ။ တချို့ကလည်း ပိုက်ဆံမတတ်နိုင်လို့ အင်္ဂတေကွင်းမချဘူး။ တချို့ကလည်း ဖြစ်ရိုးဖြစ်စဥ်လိုမျိုးကို သုံးနေကြတာ။” လို့ ဒေသခံအမျိုးသားက ပြောပြပါတယ်။

အခုလ ပထမပတ်ကလည်း တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာရွာက အမျိုးသားတစ်ဦး မြစ်ရေကြီးနေချိန် ရေနစ်သေဆုံးခဲ့ပါတယ်။

The Tanintharyi Times