ရေဖြူမြို့နယ်မှာ ခဲလုပ်သား ၈ ဦးထက်မနည်း အဖမ်းခံရ
ရေဖြူမြို့နယ်မှာ ခဲလုပ်သား ၈ ဦးထက်မနည်း အဖမ်းခံရ
ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာမှာ ခဲမဖြူတူးနေတဲ့ လုပ်ကွက်က လုပ်သား ၈ ဦးထက်မနည်း အဖမ်းခံရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်ကဝင်ဖမ်းခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေက လုပ်ကွက်ကအမျိုးသားတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို မသိရဘဲ ခဲသတ္ထုတူးတဲ့ အဲ့လုပ်ကွက်နယ်မြေတွေဟာ မွန်ပြည်နယ်နဲ့နီးစပ်တဲ့နေရာဖြစ်တာကြောင့် မွန်တွေဘက်က တိုင်တန်းတာတွေရှိနေတယ်လို့ ကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အုန်းပင်ကွင်းရွာ၊ ကျွဲသုံးညီမရွာ၊ သဲချောင်းကျေးရွာအုပ်စု၊ ကံပေါက်ဒေသတွေမှာ ခဲမဖြူတရားမဝင်တူးဖော်တဲ့ လုပ်ကွက် ၁၀ ခုထက်မနည်းရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပြီး အုန်းပင်ကွင်းရွာမှာ လုပ်ကွက်အများဆုံးလို့ သိရပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကိုအသားပေးရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမရွာမှာ တရားမဝင်ခဲမဖြူတူးနေတဲ့ အလုပ်သမား ၇၀ ဦး၊ လိုင်စင်မဲ့ဘက်ဟိုး ၄ စီး၊ မြေသယ်ယာဥ် ၁၅ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။
စစ်အာဏာမသိမ်းခင် ကတည်းက အုန်းပင်ကွင်းလိုနေရာမှာ တရားဝင်သတ္တုတူးနေတဲ့သူတွေဟာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ရေဆိုးရေနောက်တွေ၊ သတ္တုတွင်းမြေစာတွေစွန့်ပစ်တာ၊ မြေယာငြင်းပွားတာတွေနဲ့ ပတ်သက်ပြီးပြဿနာတက်တာတွေအများကြီးရှိခဲ့ဖူးပါတယ်။ အာဏာသိမ်းပြီးချိန်မှာတော့ ထိန်းကွပ်မရှိတော့ဘဲ အာဏာရှိတဲ့သူတွေ၊ လက်နက်ရှိတဲ့သူတွေနဲ့ ပေါင်းပြီး ခိုးလုပ်ကွက်တွေပိုများလာတယ်လို့ ဆိုပါတယ်။
တနင်္သာရီ သယံဇာတရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက “ပုံမှန်procedure(လုပ်ထုံးလုပ်နည်း)အတိုင်းသွားရင် အခုလို ခေတ်ကာလမကောင်းတဲ့အခြေနေမှာ လျှောက်နေရတာသည်တစ်ရုံးဝင်၊ တစ်ရုံးထွက်တော်တော်ကြာတယ်လေ။ ဥပမာ တရားမဝင်တူးမယ်ဆို ဒီနေရာမှာတူးလို့မရရင် ဆက်တူးလိုက်မယ်လေ၊ ပြီးသွားပြီ။ သတ္တူတူးတယ်ဆိုတာ တစ်နေ့တည်းလည်း ဝင်ငွေအများကြီးရနိုင်တယ်လေ။လချီပြီးတူးလည်း ဘာမှမလုပ်ရတဲ့အခြေနေတွေပေါ့။” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ တနင်္သာရီတိုင်းကနေ ခဲမဖြူ-အဖြိုက်နက်သတ္တုထုတ်လုပ်မှု တန်ချိန် ၃၄၀ ကျော်ထုတ်လုပ်ခဲ့တာကိုတွေ့ရှိရတယ်လို့ မနှစ်က ထုတ်ပြန်ခဲ့တဲ့ ပဋိပက္ခနောက်ကွယ်က တနင်္သာရီသတ္တုကဏ္ဍအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းက ခဲမဖြူ-အဖြိုက်နက်သတ္တုထုတ်လုပ်မှု အများဆုံးတိုင်းဒေသကြီး ဖြစ်ပါတယ်။
The Tanintharyi Times
