လောင်းလုံးမြို့မှာ လေးရက်အတွင်း အဖမ်းခံရသူ နှစ်ဆယ်ကျော်ရှိပြီ
လောင်းလုံးမြို့မှာ လေးရက်အတွင်း အဖမ်းခံရသူ နှစ်ဆယ်ကျော်ရှိပြီ
ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့ပေါ်မှာ လေးရက်အတွင်း ဖမ်းဆီးခံရသူ ၂၁ ဦးခန့်ရှိနေပြီလို့ ဒေသခံတွေထံကနေသိရပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ လောင်းလုံးမြို့ပေါ်မှာနေထိုင်တဲ့ အသက် ၃၀ ကနေ အသက် ၅၀ ဝန်းကျင်ကြားလူလတ်ပိုင်းတွေဖြစ်ကြတယ်လို့သိရပါတယ်။
“ကားသုံးစီးလောက်နဲ့ စာရင်းရှိတဲ့အိမ်တွေကိုသွားဝိုင်းပြီးဖမ်းနေတာပါ။ နေ့ရောညရောပဲ။ တစ်မြို့လုံးအနှံ့သွားနေတာ။ ဒီနေ့ ကား၄စီးပြန်တက်သွားပေမယ့် အင်အားအများအပြားကျန်ခဲ့ပါသေးတယ်” လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)ရဲ့အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စာရင်းအရ အမျိုးသား ၁၆ ဦး နဲ့အမျိုးသမီး ၅ ဦးဖမ်းဆီးခံထားရတယ်လို့သိရပြီး လူမသိဘဲဖမ်းဆီးခံရသူ တစ်ယောက်တစ်လေရှိနိုင်တယ်လို့လည်း သူကဆိုပါတယ်။
“ဖမ်းခံရသူတွေက အရင်သပိတ်နဲ့နိုင်ငံရေးလှုပ်ရှားမှုရှိပြီးအခု အေးအေးဆေးဆေးပြန်နေနေတဲ့သူတွေလည်းပါတယ်။ အကြောင်းပြချက်မသိဘဲ ဖမ်းခံရတဲ့သူတွေလည်းပါတယ်။ ဘာကြောင့်အခုလိုဖမ်းနေတယ်တော့မပြောတတ်ဘူး” လို့သူကဆက်ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို လက်ရှိမှာလောင်းလုံးရဲစခန်းမှာပဲဖမ်းဆီးထားပြီး မိသားစုနဲ့တွေ့ဆုံခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့သိရပါတယ်။
လောင်းလုံးမြို့အပြင် တီဇစ်ရွာမှာလည်း ရွာသူရွာသားရှစ်ဦးထက်မနည်းဖမ်းဆီးခံထားရပါတယ်။
လောင်းလုံးမြို့နယ်ကို ဇွန်လ ၁၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ရောက်လာပြီး မြို့ပေါ်မှာရှာဖွေဖမ်းဆီးတာနဲ့ တောင်ကြောတလျှေက်တောနင်းရှာဖွေတာတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။
The Tanintharyi Times
