ဥရောပသမဂ္ဂ EU က စစ်ကောင်စီ အဖွဲ့ဝင် ၆ ဦးနဲ့ စစ်ကောင်စီ ဝင်ငွေရ လုပ်ငန်းတခုကို ပိတ်ဆို့အရေးယူ

ဥရောပသမဂ္ဂ EU က စစ်ကောင်စီ အဖွဲ့ဝင် ၆ ဦးနဲ့ စစ်ကောင်စီ ဝင်ငွေရ လုပ်ငန်းတခုကို ပိတ်ဆို့အရေးယူ

ဓာတ်ပုံ - Reuters

ဥရောပသမဂ္ဂ EUက စစ်ကောင်စီ အဖွဲ့ဝင် ၆ ဦးနဲ့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ သတ္တုတွင်းလုပ်ငန်းတခုကို ထပ်ပြီး ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်ပြီးတိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ လူ ၆ ဦးနဲ့ လုပ်ငန်းတခုကို ၇ ကြိမ်မြောက် ပိတ်ဆို့အရေးယူလိုက်တယ်လို့ ရေးသားထားပါတယ်။

လူပုဂ္ဂိုလ် ၆ ဦးက စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမား ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကောင်စီ စစ်ထောက်ချုပ်နဲ့ စစ်ကောင်စီ အဖွဲ့ဝင် နှစ်ဦးတို့ ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူလိုက်တဲ့ လုပ်ငန်းတခုက စစ်ကောင်စီက ဝင်ငွေရနေတဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဥရောပသမဂ္ဂ နယ်မြေအတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး ခရီးသွားလာခွင့် ပိတ်ပင်လိုက်သလို ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအနေနဲ့ ပိတ်ဆို့အရေးယူခံရသူတွေအပေါ် ရန်ပုံငွေ ငွေကြေးပေးတဲ့ကိစ္စတွေကိုလည်း တားမြစ်တယ်လို့ ရေးသားထားပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့တို့ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times