မောင်းမကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မောင်းမကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်း ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၄ နာရီမတိုင်ခင်လောက်မှာ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နာရီဝက်အကြာမှာတော့ ပစ်ခတ်သံတွေငြိမ်သွားတယ်လို့ ဒေသခံတွေကပြောပြပါတယ်။

“သေနတ်သံတွေချည်းပဲ ဆက်တိုက် ကြားရတယ်။ အပြင်က လာပစ်တဲ့ အသံမျိုးပါ။ ဝင်စီးတာမျိုးတော့ မဟုတ်ဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်နဲ့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးချိန်ကစလို့ လက်ရှိအချိန်ထိတော့ စစ်ကောင်စီဘက် ကစစ်ဆေးတာမျိုးနဲ့ တခြား လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။

ဒါပေမဲ့ မောင်းမကန်ကမ်းခြေကိုတော့ စစ်သင်္ဘောတစ်စီး မနက်ပိုင်းကတည်းကရောက်ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေကတဆင့် သိရပါတယ်။

မောင်းမကန်ရွာက ဒေသခံတွေကတော့ စိုးရိမ်နေကြပြီး ရွာထဲကလမ်းတွေမှာ လူသွားလူလာတိတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ ကလည်း မောင်းမကန်ရဲစခန်းက ရဲကားကြားဖြတ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးတို့သေဆုံးခဲ့ပါတယ်။ အလားတူ ကြားဖြတ်တိုက်ခိုက်ခံရတဲ့နေ့နဲ့ ၂၇ ရက်နေ့တွေမှာလည်း ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ လောင်းလုံးမြို့မရဲစခန်းနဲ့ မောင်းမကန်နယ်မြေရဲစခန်း နှစ်ခုရှိပြီး စစ်ကောင်စီတပ်သားနဲ့ ရဲတွေက ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာတပ်စွဲထားပါတယ်။

The Tanintharyi Times