ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို မိုင်တဲတာဝါတိုင်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်
ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို မိုင်တဲတာဝါတိုင်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ရေဖြူမြို့နယ်(ပကဖ) တပ်ခွဲ-၃ (A.0)အဖွဲ့ဆီကသိရပါတယ်။
အခုလ ၁၇ ရက် မွန်းတည့် ၁၁နာရီခွဲလောက်မှာ ထားဝယ်စီးပွါးရေးဇုန်ဧရိယာအတွင်းက ရေနက်ဆိပ်ကမ်းရဲစခန်းကို လက်နက်ကြီးတွေနဲ့အဝေးက ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေက ယခင်က ဖြိုချခဲ့တဲ့ မိုင်တဲတာဝါတိုင်တွေက ရလာတဲ့ပိုက်လုံးတွေနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်လက်နက်ကြီးတွေပဲ ဖြစ်ပါတယ်။
“အဲဒီနေ့က ကျနော်တို့ပစ်တာက စုစုပေါင်း ၇ ချက်ပါ။ ဒါကို လက်လုပ် ၆၀ မမစိန်ပြောင်းလို့ပဲခေါ်ရမှာပေါ့” လို့ သွားရောက်တိုက်ခိုက်ရာမှာပါဝင်တဲ့ ရေဖြူမြို့နယ် (ပကဖ) တပ်ခွဲ-၃ (A.0)အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရဲနဲ့စစ်ကောင်စီတပ်သားဘက်က ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရကြောင်း အဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒါ့အပြင် ရဲစခန်းအဆောက်အဦ သုံးဆောင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာမျိုးသာရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းမှာ စစ်ကောင်စီဘက်က ဘန်ကာအဆောက်အဦတွေ ပါဝင်တဲ့ နောက်ထပ်စခန်းအသစ် တစ်ခုကိုလည်း ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ ရဲစခန်းကတော့ ရေတပ်က စစ်ကောင်စီတပ်သားနဲ့ ရဲတွေ အင်အား ၂၀ ဝန်းကျင်လောက်တပ်စွဲနေထိုင်တဲ့ စခန်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါရဲစခန်းကို ဗထူးစစ်ကြောင်းက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးရှိခဲ့ပြီး အဆောက်အဦ နှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ်။
The Tanintharyi Times
