ထားဝယ်နဲ့ မြိတ်ထောင်က အကျဥ်းသား ၂၀ ကျော်လွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသား တစ်ဦးမှ မပါဝင်

ထားဝယ်နဲ့ မြိတ်ထောင်က အကျဥ်းသား ၂၀ ကျော်လွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသား တစ်ဦးမှ မပါဝင်

Photo - စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာ

ထားဝယ်နဲ့ မြိတ်အကျဥ်းထောင်တွေကနေ ဒီကနေ့နှစ်ဆန်း ၁ ရက်နေ့မှာ အကျဥ်းသား/အကျဥ်းသူ ၂၀ ကျော်လွတ်မြောက်လာတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။

လွတ်မြောက်လာသူတွေကတော့ စစ်ပြေးအမှု၊ ရဲပြေးအမှုနဲ့ မူးယစ်ဆေးဝါးအမှုကြောင့်ထောင်ကျနေသူတွေသာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်လာတာမရှိဘူးလို့သိရပါတယ်။

ထားဝယ်အကျဉ်းထောင်မှာတော့ အကျဥ်းသား ၁၃ ဦးနဲ့အကျဥ်းသူ ၁ ဦး စုစုပေါင်း ၁၄ ဦးလွတ်မြောက်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

လွတ်မြောက်လာသူတွေကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆ (ဂ) နဲ့ထောင်ဒဏ်ကျခံနေရသူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ တပ်မတော်အက်ဥပဒေနဲ့ထောင်ကျခံနေရသူ အမျိုးသား ၃ ဦး၊ ရဲစည်းကမ်းဥပဒေနဲ့ထောင်ကျခံနေရသူ အမျိုးသား ၁ ဦးတို့​ဖြစ်ပါတယ်။

ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးကတော့ “နိုင်ကျဥ်းတစ်ယောက်မှမပါပါဘူးဗျ။ လွတ်ရက်နီးနေတဲ့ နိုင်ကျဥ်းတွေတောင်ပါမလာဘူး။ မနှစ်ကနှစ်ဆန်းတစ်ရက်နေ့နဲ့ အတူတူပါပဲ” လို့ပြောပါတယ်။

ထားဝယ်ထောင်မှာ လက်ရှိအချိန်ထိအကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၀၀ ဝန်းကျင်နဲ့ အကျဥ်းသူ ၆၀ ဝန်းကျင် ရှိနေပါတယ်။

မြိတ်အကျဥ်းထောင်မှာလည်း အကျဥ်းသားနဲ့ အကျဥ်းသူ ၁၀ ဦး ဒီနေ့မနက်က လွတ်မြောက်လာတယ်လို့သိရပါတယ်။

မြိတ်အကျဥ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ ဘယ်အမှုတွေပါဝင်လဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့စခန်း တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၃ဝ၁၅ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့လွှတ်ပေးမယ်လို့ဆိုထားပါတယ်။

မနှစ်က နှစ်ဆန်း ၁ ရက်နေ့မှာလည်း တနင်္သာရီတိုင်းက လွတ်မြောက်လာသူတွေမှာ စစ်ပြေး၊ ရဲပြေးနဲ့ မူးယစ်အမှုနဲ့ထောင်ကျနေတဲ့သူ ထားဝယ်အကျဥ်းထောင်က ၈ ဦး၊ မြိတ်ခရိုင်မှာရှိတဲ့ အကျဥ်းထောင်နဲ့ကုန်ထုတ်စခန်းတွေက ၅၆ ဦး၊ ကော့သောင်းအကျဥ်းထောင်က ၁၅ ဦး စုစုပေါင်း ၇၉ ဦးကိုပြန်လွတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက အကျဥ်းထောင်တွေထဲမှ နိုင်ငံရေးအမှုတွေနဲ့ဖမ်းဆီးခံနေရဆဲ နိုင်ငံရေးအကျဥ်းသား/အကျဥ်းသူ စုစုပေါင်း ၁သောင်း ၇ထောင်ကျော် ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အခုလ ၁၂ ရက်နေ့မှာထုတ်ပြန်ထားတဲ့စာရင်းအရသိရပါတယ်။

The Tanintharyi Times