ဧည့်စာရင်းစစ်မယ်အကြောင်းပြပြီး ကံပေါက်က အပြစ်မဲ့ပြည်သူသုံးဦးကို အိမ်ထဲဝင်ဖမ်း
ဧည့်စာရင်းစစ်မယ်အကြောင်းပြပြီး ကံပေါက်က အပြစ်မဲ့ပြည်သူသုံးဦးကို အိမ်ထဲဝင်ဖမ်း
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ညသန်းခေါင်အချိန်မှာ ဧည့်စာရင်းလာစစ်တယ်ပြောပြီး ကံပေါက်တိုက်နယ်က အပြစ်မဲ့ပြည်သူသုံးဦးကို နေအိမ်အသီးသီးကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဖမ်းခံရသူသုံးယောက်ထဲက တစ်ယောက်မှာ ကံပေါက်တိုက်နယ် လှည်းကုန်းရွာက အသက် (၂၉)နှစ်အရွယ် ကိုပိုက်စိုး (ခေါ်) ကိုပိုက်ပိုက် ဖြစ်ပြီး သူဟာ နေအိမ်မှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ကာ အေးအေးဆေးဆေး စီးပွားရှာနေသူဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ နောက်နှစ်ဦးက ကံပေါက်တိုက်နယ် မိကျောင်းအိုင်ရွာက ဖြစ်ပြီး ကိုညီဆိုသူနဲ့ နောက်ထပ် တစ်ဦးဖြစ်ပါတယ်။ သူတို့ကတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုပိုက်စိုးကတော့ အခု အချိန်အထိ မလွတ်လာသေးဘူးလို့ သိရပါတယ်။
အခုလအတွင်း ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတရားဖမ်းဆီးတာ အပြစ်မဲ့ပြည်သူတွေထံမှ ငွေညှစ်တောင်းယူတာနဲ့ ဧည့်စာရင်းစစ်တယ်လို့ပြောပြီးဝင်ရောက်ဖမ်းဆီးတာ စတဲ့ဖြစ်စဥ်တွေ များလာတာကို တွေ့ရပါတယ်။
လဆန်းပိုင်းက ဖြစ်ပွါးခဲ့တဲ့ ဆင်ရပ်တံတားအနီးက မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို ကံပေါက်ရဲစခန်းက ငွေကျပ် ဆယ်သိန်းကျော် တောင်းတယ်ဆိုတဲ့ သတင်းတစ်ခုလည်း ဒေသတွင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
The Tanintharyi Times
