ကုန်သွယ်ရေးဇုန်နဲ့ ရဲစခန်း တိုက်ခိုက်ချိန်မှာ ဒုရဲမှူးတစ်ဦးအပါအဝင် ၈ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိ
ကုန်သွယ်ရေးဇုန်နဲ့ ရဲစခန်း တိုက်ခိုက်ချိန်မှာ ဒုရဲမှူးတစ်ဦးအပါအဝင် ၈ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိ
မြဝတီကုန်သွယ်ရေးဇုံနဲ့ ရဲစခန်း တိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီဘက်က ဒုရဲမှူးတစ်ဦး အပါအဝင် ၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၁၆လက် ရရှိခဲ့တယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အခုလ ၂၅ ရက်နေ့ မနက်ပိုင်းက မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း နဲ့ သင်္ဃန်းညီနောင်ဗျူဟာ(၃၃၅) မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ ရောင်နီ ၊ Golden Eagle၊ Federal Wings စတဲ့တဲ့ ပူးပေါင်း စစ်ကြောင်းတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ ၁ ဦးကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း ၃ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းယူ ရရှိခဲ့တာတွေကတော့ AK ရိုင်ဖယ် ၇ လက်၊ AK စက်လက် ၁လက်၊ G3 ရိုင်ဖယ် ၇ လက်၊ UZI ၁ လက်၊ ကျည်ဘောက်တွေအပြင် ငွေသားတွေ ရွှေထည်တွေနဲ့ စစ်အသုံးဆောင် ပစ္စည်းတွေကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုတော့မရှိပေမယ့် လက်နက်ကြီးကျည်စကြောင့် ၃ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ဆောင်နဲ့ လူနေအိမ်ခြောက်ဆောင် ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်က ကော့ကရိတ်မြို့နယ်က အတွင်းမဲကနယ်နဲ့ မြဝတီကြားကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၁၀ ကြိမ်ထပ်မနည်း လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ပစ်ကူ ၅၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် အတွင်းက အတွင်းမဲကနယ် နဲ့ အပြင်မဲကနယ်ဘက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတာကြောင့် အိမ်ထောင်စု ၃၀၀ လောက်က ဒေသခံ ၁၀၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
The Tanintharyi Times
