ပုလောမြို့နယ်ထဲက ရေလမ်းအသုံးပြုနိုင်တဲ့ ပင်လယ်ဝရွာတွေကို နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာ

ပုလောမြို့နယ်ထဲက ရေလမ်းအသုံးပြုနိုင်တဲ့ ပင်လယ်ဝရွာတွေကို နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာ

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ထဲက ရေလမ်းကြောင်းအသုံးပြုနိုင်တဲ့ လှေဆိပ်ရှိတဲ့ ပင်လယ်ဝရွာတွေကို စစ်တပ်က နယ်မြေစိုးမိုးဖို့ကြိုးပမ်းလာတယ်လို့ ဒေသတွင်းတော်လှန်‌ရေးအင်အားစုတွေထံက သိရပါတယ်။

အခုလိုလှေဆိပ်ရှိတဲ့ရွာတွေကို စစ်တပ်က နယ်မြေစိုးမိုးဖို့ကြိုးပမ်းတာဟာ တပ်သားတွေနဲ့ လက်နက်ရိက္ခာတွေကို ကုန်းကြောင်းအသုံးပြုပြီးသယ်ယူပို့ဆောင်ရာမှာ မကြာခဏတိုက်ခိုက်ခံရတာကြောင့် လွတ်လပ်စွာကမ်းကပ်နိုင်ဖို့ ရေလမ်းကြောင်းကို ပြောင်းသုံးလာကြတာလို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ရှပ်ပုံကျေးရွာအုပ်စုထဲက ဝါးတန်းရပ်ကွက်၊ အထဲစု၊ မီးလောင်အော်ရွာ၊ သမုတ်‌တောင်ရွာ၊ ဖိုးရှမ်းကမ်းခြေ၊ လက္ကူးကျေးရွာအုပ်စုထဲက နတ်အိမ်ကန်းကျေးရွာအုပ်စု၊ ခန္တီကျေးရွာအုပ်စုနဲ့ သရက်တစ်ပင်ရွာက လှေဆိပ်တွေကို စစ်တပ်က နယ်မြေစိုးမိုးထားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီဘက်က လက်နက်၊ ရိက္ခာ၊ လူအင်အားတွေကို ကားလမ်းကြီးအတိုင်းဆိုတော့ တစ်နေရာမဟုတ် တစ်နေရာကတော့ မိုင်းဆွဲခံရဖို့ များပါတယ်။ ရေလမ်းနဲ့ကျတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်မှာ ရေတပ်မရှိဘူးလို့ပဲ ဖြေရမှာပါပဲ။” လို့ ဆိုပါတယ်။

အခုလ ၇ ရက်နေ့ညကလည်း ခန္တီရွာထဲကို စစ်ကောင်စီတပ်သားအင်အား အများအပြား ရေလမ်းက ဝင်ရောက်လာပြီး နယ်မြေစိုးမိုးထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအတွင်းပါဝင်နေတဲ့ လူငယ်တစ်ဦးကတော့ စစ်တပ်က ပင်လယ်ရွာတွေကို ကျယ်ကျယ်ပြန်ပြန့်နယ်မြေစိုးမိုးလာက တော်လှန်ရေးလှုပ်ရှားနေတဲ့သူတွေကို အပြင်ဘက်ကနေတဖြေးဖြေးနယ်မြေရှင်းပြီး နယ်မြေကျဥ်းလာအောင်လုပ်တဲ့သဘောလို့ သူ့အမြင်ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးဒေသအဖြစ် မကြေညာခင်ကာလ ပုလောမြို့နယ်ထဲက ပုလောချောင်းဝတစ်ခုတည်းကိုသာ စစ်တပ်က ရေလမ်းကြောင်းအတွက်အသုံးပြုခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်လိုက်တဲ့ အချိန်ကစလို့ လှေဆိပ်ကမ်းကပ်လို့ရတဲ့ ရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာကာ တဖြည်းဖြည်းနယ်မြေစိုးမိုးလာတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times