ကံပေါက်ဒေသက အမျိုးသားနှစ်ဦးကို ရေတပ်က ဖမ်းဆီး

ကံပေါက်ဒေသက အမျိုးသားနှစ်ဦးကို ရေတပ်က ဖမ်းဆီး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီကျေးရွာက ဒေသခံ အမျိုးသားနှစ်ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမင်းမင်းဦးနဲ့ အသက် ၃၂ နှစ်အရွယ် ကိုအောင်ကိုကိုလွင်ဆိုသူတွေဖြစ်ပြီး မနေ့က မွန်းလွဲ ၁၁ နာရီလောက်က ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

“ကိုမင်းမင်းဦးကပန်းရံတို့၊ ကန်ထရိုက်တို့လုပ်တယ်။ နောက်တစ်​ယောက်ကတော့ ကားတွေသုံးဘီးဆိုင်ကယ်တွေမောင်းနေတဲ့သူပါ။ ဘာကြောင့်ဖမ်းဆီးသွားမှန်းတော့မသိဘူး” လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

သူတို့နဲ့အတူ ဦးမင်းမင်းဦးရဲ့ကားကိုပါစစ်ကောင်စီတပ်သားတွေ သိမ်းယူသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့နှစ်ဦးစလုံး ဒီကနေ့မနက်ပိုင်းအထိပြန်လွတ်မြောက်လာတာမရှိသေးဘဲ သူတို့ကို အခုလက်ရှိမောရဝတီရေတပ်စခန်းဌာနချုပ်မှာဖမ်းဆီးထားတယ်လို့သိရပါတယ်။

အခုလ၂၀ ရက်နေ့ကလည်း ဇာဒီရွာသား ကိုအေးကို ဆိုသူကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပြန်လွှတ်ပေးခဲ့ပါတယ်။

အခုလ ၄ ရက်နေ့ညကဖမ်းဆီးခံထားရတဲ့ ကံပေါက်ဒေသခံ မမီးသက်ဟာလည်း လက်ရှိအချိန်ထိဖမ်းဆီးခံထားရဆဲဖြစ်ပြီး ရေဖြူမြို့နယ်ရဲစခန်းကိုပို့ဆောင်လိုက်ပြီလို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

ကံပေါက်ဒေသဟာ စစ်ကောင်စီရေတပ်စခန်းတည်ရှိရာဒေသဖြစ်ပြီး နေ့ရောညပါလုံခြုံရေးတင်းကြပ်တာနဲ့ ဖမ်းဆီး၊ စစ်ဆေးတာတွေ ရှိနေပါတယ်။

The Tanintharyi Times