ကံပေါက်ဒေသက ဒယ်လ်ကိုသတ္တုတွင်း မြေပြို၊ တနိုင်တပိုင် ခဲမဖြူရှာနေတဲ့သူတစ်ဦးသေဆုံး

ကံပေါက်ဒေသက ဒယ်လ်ကိုသတ္တုတွင်း မြေပြို၊ တနိုင်တပိုင် ခဲမဖြူရှာနေတဲ့သူတစ်ဦးသေဆုံး

ဓာတ်ပုံ - ကံပေါက်သတ္တုလုပ်ကွက်တစ်နေရာ။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဒယ်လ်ကိုကုမ္ပဏီ သတ္တုတွင်းမိုင်းဧရိယာအတွင်း အခုလ ၆ ရက်နေ့က မြေပြိုခဲ့လို့ တနိုင်တပိုင်ခဲမဖြူတူးနေတဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ချောချော ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အသက် ၄၆ ဝန်းကျင်အရွယ် ဒေါ်ဝေ ဆိုသူဖြစ်တယ်လို့သိရပါတယ်။

ဒေါ်ချောချောကတော့ မြေပိတဲ့နေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး ဒေါ်ဝေမှာ ကံပေါက်တိုက်နယ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကာ အဲဒီနေ့ ညနေမှာ ထားဝယ်ဆေးရုံကြီးကိုရွှေ့ပြောင်းကုသမှုခံယူခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တချို့က ဒေါ်ဝေလည်းဆုံးပြီလိုလို ဘာလိုလိုပြောနေကြတယ်။ ထားဝယ်မှာ ဆေးကုနေတာဆိုတော့ အတိအကျတော့ မပြောနိုင်သေးဘူး။” လို့ ကံပေါက်ဒေသခံတစ်ဦးကပြောပြပါတယ်။

သူတို့ဟာဧရာဝတီတိုင်းဘက်ကနေ ကံပေါက်ဒေသဘက်မှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း ခိုင်သဇင်ရပ်ကွက်နေ အသက် ၂၇ အရွယ် အမျိုးသားတစ်ဦး ခဲရှာနေတဲ့အချိန် ဒယ်လ်ကိုကုမ္ပဏီသတ္တုတွင်းအတွင်း မြေပြိုမှုဖြစ်ကာ မြေပိပြီး သေဆုံးခဲ့တဲ့အပြင် ၂၀၁၈ ခုနှစ်ကလည်း ခဲရှာနေတဲ့ ဒေသခံအလုပ်သမား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

ဒေသခံနောက်တစ်ဦးကတော့ “ သူတို့(ဒယ်လ်ကိုကုမ္ပဏီ) ဆီက လျော်‌ကြေးငွေရလိမ့်လို့တော့မထင်ဘူး။ ရရင်တော့ တမျိုးပေါ့လေ။ ဒယ်လ်ကိုက အန္တရာယ်ရှိတဲ့ မြေဧရိယာဘာညာ ဆိုတာသတ်မှတ်ပေးထားတယ်။ အဲဧရိယာထဲမှာ အခုလိုဖြစ်တာဆို ကုမ္ပဏီဘက်က ပိုလို့တောင်ခေါင်းရှောင်လို့‌ကောင်းအုံးမယ် ” လို့ ပြောပါတယ်။

အဆိုပါကုမ္ပဏီဟာ အာဏာမသိမ်းခင်က မြေတူးစက် ၅ စီး၊ မြေသယ်ကား ၁၀ စီးလောက်နဲ့ လုပ်ငန်းခွင်မှာလည်ပတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး ခြောက်လခန့်ကစလို့ မြေတူးစက် ၁၀ စီး၊ မြေသယ်ကား အစီး ၂၀ လောက်ထိတိုးကာ နေ့ရောညပါ မရပ်မနားအလုပ်လုပ်လာကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကုမ္ပဏီဘက်က အခုလို စက်အားရော လူအားပါ တစ်ဆတိုးပြီး မြေတူးတာတွေတရစပ်လုပ်ဆောင်လာတဲ့ အတွက် အခုလို မြေပြိုပြီး အလုပ်သမားသေဆုံးမဲ့ ကိစ္စတွေထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

The Tanintharyi Times