ပုလောမှာ စစ်ကောင်စီဘက်ကရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ပုလော PDF ပြော

ပုလောမှာ စစ်ကောင်စီဘက်ကရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ပုလော PDF ပြော

ဓာတ်ပုံ - ပုလောမြို့နယ်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အိမ်ထောင်စုစာရင်းကောက်ယူပြုစုရေးသင်တန်း။(IPRD)

မြိတ်ခရိုင်၊ ပုလောမြို့နယ်တစ်ခုလုံးမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပုလောမြို့နယ်ခန်းမမှာ ရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့အနေနဲ့ လူဦးရေစာရင်းကောက်ယူနိုင်ရေးသင်တန်းကို အခုလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ခေါင်းဆောင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ထွေအုပ်၊ လဝက၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေနဲ့ ပညာရေးဝန်ထမ်းတွေတက်ရောက်ခဲ့ကြပါတယ်။

ပုလောမြို့နယ်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီဘက်ကပြင်ဆင်နေတာတွေနဲ့ပတ်သက်ပြီး ပုလောPDF မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ပြန်ကြားရေးတာဝန်ခံက အခုလိုပြောဆိုလိုက်တာပါ။

“ပုလောမြို့နယ်တစ်ခုလုံးမှာဆိုရင် သူတို့မြို့ပေါ်တစ်ခုကိုပဲလုံခြုံရေးအထူးတင်းကြပ်မှ ထိန်းနိုင်မယ်။ ဒါတောင်မသေချာပါဘူး။ ကျန်တဲ့နေရာတွေတော့ လုပ်ဖို့မဖြစ်နိုင်ဘူး။ မြို့တော်ခန်းမမှာလုပ်တဲ့သင်တန်းကိုတောင် အရပ်ဝတ်တွေနဲ့လာကြပြီးမှ ခန်းမထဲယူနီဖောင်းလဲဝတ်ကြတာ။ ဒီပုံစံနဲ့ဘယ်လိုရွေးကောက်ပွဲလုပ်မလဲ” လို့ သူက ပြောပါတယ်။

အဲဒီသင်တန်းအခမ်းအနားမှာ ရွေးကောက်ပွဲကျင်းပချိန် PDF တွေလာရောက်မပစ်ခတ်ဘူးလို့အာမခံနိုင်လားဆိုတဲ့မေးခွန်းအပေါ် ဘယ်သူမှအာမခံချက်မပေးကြသလို စစ်ကောင်စီဘက်ကလည်း တစုံတရာအာမခံပြောကြားတာမရှိခဲ့ဘူးလို့ နီးစပ်သူတစ်ဦးကဆိုပါတယ်။

“လက်ရှိတော့ ရွေးကောက်ပွဲကိုဘယ်လိုတုန့်ပြန်မယ်ဆိုတာ တိကျတဲ့ညွန်ကြားမှုတွေ ဆွေးနွေးမှုတွေမရှိသေးဘူး။ သို့ပေမယ့် NUGရဲ့ ယာယီသမ္မတပြောထားတာရှိတယ်လေ အတုအယောင်ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဆန့်ကျင်ရမယ်လို့။ ဒါကြောင့် ကျွန်တော်တို့ကလည်း လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပေါ့” လို့ပြောပါတယ်။

ပုလောမြို့နယ်ဟာ နှစ်ဖက်တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို အခုလအတွင်းမှတော့ အခအစည်းအဝေးကျင်းပရာမြို့နယ်ခန်းမအပါအဝင်စစ်ကောင်စီတပ်ဂိတ်တွေပစ်ခတ်ခံခဲ့ရပါတယ်။ ပလမြို့ပေါ်ရဲစခန်းဟာလည်း တစ်လအတွင်း ပစ်ခတ်ခံရတာ ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းကောက်ယူဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာသင်တန်းပေးတာတွေအပြင် မြို့နယ်အများစုမှာ ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးကျင်းပတာတွေကိုပြုလုပ်နေပါတယ်။

The Tanintharyi Times