စစ်ကောင်စီတပ်သားတွေ ဧကနိကျေးရွာက ကား၊ ဆိုင်ကယ်နဲ့ အတွင်းပစ္စည်းအများအပြားကို ခိုးယူသွား

စစ်ကောင်စီတပ်သားတွေ ဧကနိကျေးရွာက ကား၊ ဆိုင်ကယ်နဲ့ အတွင်းပစ္စည်းအများအပြားကို ခိုးယူသွား

ရေဖြူမြို့နယ် ဧကနိကျေးရွာကို အင်အားအလုံးအရင်းနဲ့ မနေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်ပစ္စည်းအများအပြားကို ခိုးယူသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သူတို့ဟာ ရွာထဲက မြေတင်ကား ၂စီး၊ ဆိုင်ကယ်အစီး ၂၀ ထက်မနည်း၊ ကားဘက်ထရီတွေ၊ စားသောက်ကုန်တွေနဲ့ ငွေကြေးလက်ဝတ်ရတနာအများအပြားကို ယူဆောင်သွားခဲ့ကြတာပါ။

“တစ်ရွာလုံးကုန်သလောက်ဖြစ်သွားပြီ။ တပ်ထဲမှာရိက္ခာပြတ်လို့ ထွက်လာရှာတဲ့ပုံစံဖြစ်နေတယ်။ လူတွေကိုလှန့်ထုတ်ပြီး သဘောရှိလုပ်သွားတာပါ။ ဆိုင်ကယ်တွေအကုန် မြေတင်ကား ၂စီးပေါ်တင်တယ်။ တချို့အိမ်တွေ ၃စီးပါတာရှိတယ်၊ ၂စီးပါတာရှိတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် တံခါးပိတ်ထားတဲ့အိမ်တွေကို ရိုက်ဖျက်ဝင်ရောက်ပြီး အိမ်ထဲကတန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှကိုခိုးယူတာနဲ့ ရပ်ထားတဲ့ကားတွေရဲ့ ဘက်ထရီတွေကိုပါဖြုတ်ယူသွားတာတွေကိုပြုလုပ်ခဲ့ကြတာပါ။

စစ်ကောင်စီတပ်သားတွေဟာ ရွာထဲရှိနေချိန်မှာ ရွာသားတစ်ဦးကို မျက်နှာတွေအုပ်ပြီး ကြိုးနဲ့တုပ်ဖမ်းဆီးထားခဲ့ပေမဲ့ အဲဒီရွာသားထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

” စစ်တပ်တွေရွာထဲဝင်လာချိန်ကလည်း နောက်ထပ်ရွာသားတစ်ယောက်ကိုသေနတ်နဲ့လိုက်ပစ်သေးတယ်။ အဲဒီရွာသားလည်း ကျည်မထိပဲထွက်ပြေးနိုင်သွားတယ်” လို့ဒေသခံကဆက်ပြောပြပါတယ်။

ဒါအပြင် လူသားဒိုင်းပုံစံခေါ်ယူထားတဲ့ရွာသား ၃၀ဦးခန့်ကို မနေ့ကညမှောင်မှ ပြန်လွှတ်ပေးပြီး ရွာကထွက်သွားကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အနီးအနားကရွာတွေဖြစ်တဲ့ မူးဒူးကျေးရွာနဲ့ ဘဝါကျေးရွာကို နောက်ထပ်တခေါက်လာမယ်ဆိုတဲ့သတင်းတွေထွက်​နေတာကြောင့် ဒေသခံရွာသားတွေစိုးရိမ်ကြောက်ရွံ့နေကြပါတယ်။

မနေ့ကမနက် ၄နာရီဝန်းကျင် စစ်ကောက်စီတပ်သားတွေအင်အားအလုံးအရင်းနဲ့ရောက်လာချိန်က ဧကနိကျေးရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။

The Tanintharyi Times