စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် စိုးရိမ်တယ်လို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ပြော

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် စိုးရိမ်တယ်လို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ပြော

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုတွေ ကြားမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေမှုအပေါ်အထူးစိုးရိမ်နေတယ်လို့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာစသိမ်းကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ သတင်းထောက်တွေကို အဆက်မပြတ် ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ အတူ အရပ်သားနေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် ပြည်သူလူထုအတွက် အလွန်စိုးရိမ်ပူပန်နေတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပြည်သူတွေရဲ့ နိုင်ငံရေးဆိုင်ရာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လွတ်လပ်စွာ ကျင့်သုံးခွင့် မပြုထားဘဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာဟာ မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေတာပဲရှိမယ်” လို့ ကုလရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။

မြန်မာ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဩဂုတ်လအတွင်း ကျင်းပနိုင်ရေး ကတိပြုထားတာပြီး

လာမယ့် ဖေဖော်ဝါရီ တစ်ရက်နေ့ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်‌မှာ ဖြစ်ပါတယ်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်သူလူထု ဘက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ရိုဟင်ဂျာ လူမျိုးစုအပါအဝင် လူ့အဖွဲ့အစည်းအားလုံးကို အကာအကွယ်ပေးနိုင်ရေးအတွက် ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကိုတွေကို အားပေးထောက်ခံကာ ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ Dujarric က ပြောကြားထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ လိုအပ်ချက်တွေကို လေးစားပေးဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကုလရဲ့ အဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်းပေးဖို့ ကုလအတွင်းရေးမှူးချုပ်က တောင်းဆိုထားတယ်လို့ Dujarric က ပြောပါတယ်။

Connect Burma

The Tanintharyi Times