တနင်္သာရီတိုင်းရှိ မြို့နယ် ၆ ခုက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်မယ်လို့ ထုတ်ပြန်

တနင်္သာရီတိုင်းရှိ မြို့နယ် ၆ ခုက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်မယ်လို့ ထုတ်ပြန်

ပုံစာ - စာထုတ်ပြန်ထားတဲ့ မြို့နယ် ၆ ခု

စစ်ကောင်စီက ကျင်းပဖို့ ကြံစည်နေတဲ့ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်သွားမယ်လို့ တနင်္သာရီတိုင်းက မြို့နယ် ၆ခုရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက စာထုတ်ပြန်ထားပါတယ်။

စာထုတ်ပြန်ထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလောင်းလုံး၊ ပုလော၊ ဘုတ်ပြင်း၊ တနင်္သာရီ၊ ရေဖြူ နဲ့ သရက်ချောင်းမြို့နယ်က ဖြစ်ပါတယ်။ ၁၀ မြို့နယ်ရှိတဲ့ တနင်္သာရီတိုင်းမှာ စာထုတ်တဲ့ မြို့နယ်အရေအတွက်ဟာ တိုင်းဒေသတစ်ခုလုံးရဲ့ ထက်ဝက်ကျော် ရှိနေတာပါ။

ထုတ်ပြန်ချက်တွေထဲမှာတော့ စစ်ကောင်စီဟာ မတရားအကြမ်းဖက်သတ်ဖြတ်မှုတွေရဲ့ထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ကြိုးပမ်းနေတာကြောင့် ဆန့်ကျင်တော်လှန်သွားမယ်လို့ ရေးသားထားကြပါတယ်။

ဒါ့အပြင်ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာပါဝင်နေတဲ့ ထွေအုပ်၊ လဝက၊ သက်ဆိုင်ရာဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှုးတွေနဲ့ စစ်ကောင်စီလက်ကိုင်တုတ်တွေ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကတော့ စစ်ကောင်စီဟာ ရွေးကောင်ပွဲကိုအဆင်ပြေပြေကျင်းပနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုဖုံးကွယ်ဖို့ ကြိုးစားမဲ့ ဘယ်လုပ်ရပ်ကိုမဆို တားဆီးသွားမှာဖြစ်ကြောင်းပြောဆိုပါတယ်။

“ရွေးကောက်ပွဲ လုပ်ဖို့ကိုမပြောနဲ့ လုပ်ဖို့ ပြင်ဆင်နေတဲ့ ဘယ်လုပ်ရပ်ကိုမဆို လုံးဝရပ်တန့်ဖို့ ကျနော်တို့ တားဆီးသွားမှာ ဖြစ်ပါတယ်။ ကမြောကင်း တုံ့ပြန်မှုဟာ ကျနော်တို့ ပြောတဲ့အတိုင်း တုံပြန်မယ်ဆိုတာကို မြို့နယ် ပကဖ အနေနဲ့ လက်တွေ့အကောင်ထည်ဖော်ခြင်း ဖြစ်ကြောင်း မှတ်ယူနိုင်ပါတယ်” လို့သူကဆက်ပြောပါတယ်။

နောက်ပြီး ပြည်သူတွေကရော နိုင်ငံတကာကရော လက်ခံယုံကြည်မှုမပေးတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက ဘယ်လိုနည်းလမ်းမှ ဖြစ်လာစရာအကြောင်းမရှိလို့ ရွေးကောက်ပွဲရလဒ်ကြောင့် ပြောင်းလဲသွားမဲ့ နိုင်ငံရေး အခင်းကျင်းဆိုတာလည်းရှိလာမှာမဟုတ်ကြောင်းသူရဲ့ အမြင်ကို ပြောပြပါတယ်။

ပုလောမြို့နယ်ရဲ့ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာ ပါဝင် ပတ်သက်နေသူတွေရဲ့အချက်အလက်ကို သတင်းပေးဖို့ပါရှိသလို တနင်္သာရီမြိုနယ်ရဲ့ထုတ်ပြန်ချက်မှာလည်း နယ်မြေအချို့ကို ပြည်သူ၊ PDF နဲ့ ပအဖ တွေရဲ့ကြိုးပမ်းမှုနဲ့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

စစ်ကောင်စီကတော့ ရွေးကောင်ပွဲအတွက်လူဦးရေစာရင်းကောက်ယူတာတွေကို အခုလ ၉ ရက်နေ့ကစပြီး ကောက်ယူနေသလို တချို့မြို့ပေါ်တွေမှာ ရပ်ကွက်ရုံးကိုခေါ်ယူပြီကောက်ခံနေပါတယ်။

မြို့နယ်တွေထဲက ကျေးရွာအချို့မှာ​တော့ အခုအချိန်ထိစာရင်းကောက်ယူတာမျိုးမရှိသေးပါဘူး။

The Tanintharyi Times