စစ်ခေါင်းဆောင်ကို ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှု CDM တပ်မတော်သားတွေ ကြိုဆို
စစ်ခေါင်းဆောင်ကို ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှု CDM တပ်မတော်သားတွေ ကြိုဆို
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC မှာ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားချက်အပေါ် ကြိုဆိုကြောင်း CDM တပ်မတော်သားတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရဲ့ ရှေ့နေချုပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC သို့ လျှောက်ထားလိုက်ခြင်းကို ပြည်သူ့ပန်းတိုင်မှ ကြိုဆိုပါတယ်လို့ နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ပြည်သူ့ပန်းတိုင်အနေနဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရရှိရေး ကြိုးပမ်းမှုတွေမှာ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး ICC အနေနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ပြန်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ ရှေ့နေက တောင်းဆိုတဲ့ ကိစ္စမှာ မင်းအောင်လှိုင်အတွက် ဂုဏ်သိက္ခာထိခိုက်စေတဲ့ ကိစ္စဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် CDM တပ်ကြပ်ကြီး ဇေယျက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“သူ(မင်းအောင်လှိုင်) လူတကာကို ပတ်ပြီးတော့ ဝရမ်းပတ်ထုတ်နေတာ၊ တပတ်ပြန်လည်ပြီး သူ့အလှည့်ပြန်ရောက်လာတာ၊ တဖက်က အရေးမစိုက်ဘူး ဘာမှ ဝင်ဖမ်းလို့မရဘူး ဆိုပေမယ့်လည်း ကမ္ဘာမှာတော့ ဂုဏ်သိက္ခာအရ ထိခိုက်တာပေါ့နော်၊ မင်းအောင်လှိုင်ရဲ့ စိတ်ဓာတ်အနေအထားအရ ဆိုရင် သူက သူ့ image ကို သူအရမ်းဂရုစိုက်တာ၊ အာဏာသိမ်းပြီးမှ သူ့ image က သုံးစားလို့မရတော့တဲ့ အနေအထားဖြစ်တယ်” လို့ တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ ပြည်သူဘက် ကူးပြောင်းလာကြတဲ့ စစ်သား ရဲသားတွေက သူတို့ ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုတွေကို သက်သေတွေ တင်ပြတာ၊ ထုတ်ဖော်ပြောဆိုတာ၊ မှတ်တမ်းပြုစုဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်နေပြီး ပြည်သူတွေရဲ့ တရားမျှတမှုအတွက်သာမက တပ်မတော်အဖွဲ့အစည်းအတွင်း ခေါင်းဆောင်တွေက တပ်သားတွေအပေါ် ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ထုတ်ဖော်ပြောဆိုနေတယ်လို့ ပြည်သူ့ပန်းတိုင် ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို ကျူးလွန်ခဲ့တာကြောင့် အဆိုပါ ကျူးလွန်မှုတွေကို ပြည်သူတွေ ပြောဆိုနေကြပေမယ့် စစ်တပ်ခေါင်းဆောင်အဆင့်ဆင့်တို့ရဲ့ အနိုင်ကျင့်မှုဒဏ်ကို တပ်မတော်သားတွေက တိုက်ရိုက်ချိုးဖောက်ခံနေရတာတွေ ရှိခဲ့ကြောင်း CDM တပ်ကြပ်ကြီး ဇေယျက ထုတ်ဖော်ပြောဆိုပါတယ်။
“စစ်သား သားသမီးတွေဆိုရင် ဘာမှမဆိုင် သူ့အဖေက စစ်သားဖြစ်တဲ့အတွက် နိုင်ငံခြားသွားလို့မရဘူး၊ ပတ်စပို့စ်တွေ လုပ်လို့ အဆင်မပြေဘူး၊ အခုမှ မဟုတ်ဘူး အရင်ကတည်းက ဖြစ်ခဲ့တာ၊ အရမ်းကို ကန့်သတ်တာ၊ စစ်သားမိန်းမတွေဆိုလို့ရှိရင် မဆီမဆိုင် တပ်ထဲမှာ အလုပ်တွေလုပ်ရတယ် လူ့အခွင့်အရေးဆိုတာထက် Personality right အထိ ချိုးဖောက်ခံရတာ၊ လိုတာထက်ကို ပိုပြီးတော့ လုပ်ခဲ့တာတွေ အများကြီးရှိတယ်” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် CDM တပ်ကြပ်ကြီးက ဆိုပါတယ်။
စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ နှောင်ပိုင်းအထိ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြတဲ့ စစ်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဆီကနေ သိရပါတယ်။
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကလည်း ဘက်ပြောင်းခိုလှုံမှု ဖြစ်စဉ်တွေကို အရှိန်ကြီးမားလာဖို့ တွန်းအားပေးနိုင်ခဲ့ပြီး အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဖြစ် ဆက်ရှိနေသူတွေ မြောက်များစွာ ကျန်နေသေးပြီး အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချိန်မီ အမြင်မှန်ရသင့်ပြီးလို့ CDM တပ်ကြပ်ကြီး ဇေယျက သတိပေးပါတယ်။
“ကျနော်တို့စစ်သားတွေကို ပြောချင်တာကတော့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိဘူးပေါ့နော်၊ မကောင်းတာလုပ်ထားရင် တလှည့်တော့ ပြန်ပေးဆပ်ရမှာ မြန်မာပြည်မှာ စစ်တပ်ခေါင်းဆောင်တွေက သူတို့ကကြီးပဲ အနိုင်ကျင့်နေတာ သူတို့ခံရမယ့်အလှည့်ကို ရောက်နေပြီးဆိုတာတော့ သတိပြုစေချင်တယ်၊ အချိန်မီ အမြန်ဆုံး အမြင်မှန်ရဖို့တော့ လိုတယ်” လို့ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ရာမှာတော့ စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ဖို့ ကြိုးပမ်းမှုတိုင်းသည်လည်း အရေးကြီးသလို အဲဒါမှသာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေကို အဆုံးသတ်နိုင်ပြီး တရားမျှတမှုကို ဖော်ဆောင်နိုင်မယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။
The Tanintharyi Times
