‎ကြယ်တွေဝေနေတဲ့ မြို့ကလေး

‎ကြယ်တွေဝေနေတဲ့ မြို့ကလေး

၂၁ ရာစုမြို့ပြတွေရဲ့ကောင်းကင်တွေမှာ
‎ကြယ်တွေမရှိတော့ဘူးမေမေ
‎ခေတ်စနစ်တွေတိုးတက်တာက 
‎ကျွန်တော်တို့အတွက်
‎ပိုကောင်းလာတာလား ပိုဆိုးလာတာလား
‎ကျွန်တော်မပြောတတ်တော့ပါဘူး

‎ဒါပေမဲ့ ကျွန်တော်နေတဲ့မြို့လေးရဲ့
‎ကောင်းကင်မှာတော့
‎ကြယ်တွေနဲ့ပြည့်နေတယ်မေမေ

‎ဒီကြယ်တွေထဲမှာလေ
‎ကျွန်တော်တို့လမ်းထိပ်ခေါက်ဆွဲဆိုင်က
‎အန်တီကြီးရဲ့သားလည်းပါတယ်

‎မေမေပြောပြောနေတဲ့အရမ်းချမ်းသာတယ်ဆိုတဲ့ မေမေ့ဇာတိက
‎မေမေ့သူငယ်ချင်းရဲ့သားလည်းပါတယ်

‎သူငယ်ချင်းတွေနဲ့အတူအတန်းလစ်ပြီး
‎ဂိမ်းဆိုင်ခိုးသွားလို့
‎သူ့အမေတံမြက်စည်းကျိုးအောင်ရိုက်ခဲ့တဲ့
‎ကောင်လည်းပါတယ်

‎ကျွန်တော်ဒီမြို့ကိုစရောက်တုန်းက
‎ကိုကိုမုန့်စားလို့ လာလာပေးတတ်တဲ့
‎မျက်ဝန်းပြာပြာနဲ့ကောင်မလေးလည်းပါတယ်

‎ဟိုရှေ့မှာပြန်မလာတော့တဲ့သူ့ယောက်ျားကို
‎နေ့တိုင်းထွက်ထွက်မျှော်နေတဲ့
‎ဆံပင်စုတ်ဖွားနဲ့ အန်တီကြီးရဲ့ယောက်ျားလည်းပါတယ်

‎သီချင်းဆိုသိပ်ကောင်းတဲ့ကောင်လည်းပါတယ်
‎စကားအရမ်းများတဲ့ကောင်လည်းပါတယ်
‎စော်အရမ်းကြည်တဲ့ကောင်လည်းပါတယ်
‎ဟင်းချက်ကောင်းတဲ့ကောင်လည်းပါတယ်
‎ဂျပန်ထွက်မယ့်ညီလေးလည်းပါတယ်
‎ဆရာဝန်လုပ်မယ့်ညီမလေးလည်းပါတယ်

‎အများကြီးပဲမေမေ 
‎ကျွန်တော်မရေနိုင်တော့ဘူး

‎ကမ္ဘာကြီးတခုတည်းမှာ
‎ကောင်းကင်‌ကမတူတော့ဘူး 
‎ကြယ်တွေဝေနေတဲ့ ကျွန်တော်တို့ကောင်းကင်အောက်မှာ
‎ငိုသံတွေနဲ့ပြည့်နေပေမဲ့
‎ကြယ်မရှိတဲ့မြို့ပြတွေရဲ့ကောင်းကင်အောက်မှာ
‎ရယ်သံတွေနဲ့စည်ကားနေလေရဲ့

‎ကျွန်တော်ဘာများတတ်နိုင်မှာလဲ
‎ဒါကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့
‎ကျွန်တော်တို့ရဲ့တာဝန်တွေလေ။

ဆောင်းရိပ်ခို

The Tanintharyi Times