လူထုတော်လှန်ရေးကို ပုံဖျက်တဲ့သတင်းတု၊ သတင်းမှားတွေ စစ်ကောင်စီဘက်က ဖြန့်ချိနေတယ်လို့ NUGဆို

လူထုတော်လှန်ရေးကို ပုံဖျက်တဲ့သတင်းတု၊ သတင်းမှားတွေ စစ်ကောင်စီဘက်က ဖြန့်ချိနေတယ်လို့ NUGဆို

NUG

စစ်ကောင်စီနဲ့ အပေါင်းအပါ အစုအဖွဲ့တွေဟာ တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကဒီနေ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ လုပ်ကြံဖန်တီးတဲ့သတင်းတွေထဲမှာ NUGဟာ အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာဖို့ စာရင်းပြုစုထားတယ်ဆိုတဲ့ သတင်းအတုတွေပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ (၈)လခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခုကို စစ်ကောင်စီဘက်က လုပ်ကြံဖန်တီးပြီး နိုင်ငံတကာအဝန်းအဝိုင်းကို ပေးပို့ခဲ့ဖူးပါတယ်။

NUGအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်ခေါင်းဆောင်တွေကိုသာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်တယ်လို့ သတ်မှတ်ပြီး နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကိုတော့ လေးစားတန်ဖိုးထားတယ်လို့လည်းဆိုထားပါတယ်။

လုပ်ကြံဖန်တီး ဖြန့်ချိနေတဲ့ သတင်းမှားမှာ ပါဝင်တဲ့ လုပ်ရပ်မျိုးဟာ NUG အစိုးရ စွဲကိုင်ဆောင်ရွက်တဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်တွေပဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါ့အ​ပြင် နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လက်မခံဘဲ အဓမ္မနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့လုပ်ရပ်တွေ ဘယ်အဖွဲ့အစည်းက ကျူးလွန်ပါစေ NUGက ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

The Tanintharyi Times