ဇွန်လ ၃၀ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း
ဇွန်လ ၃၀ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ပို့ဆောင်
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တာကြောင့်ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော် ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဘန်ကောက်ပိုစ့်ရဲ့သတင်းအရသိရပါတယ်။
ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်မှာ အမျိုးသမီး ၄၉ ယောက်ပါဝင်ပြီး သူတို့အားလုံးဟာ ထိုင်းဘက်မှာ ဥပဒေအရ စိစစ်အရေးယူတာတွေပြုလုပ်ပြီးသားဖြစ်တယ်လို့သိရပါတယ်။
သူတို့ကို ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ရေလမ်းကနေတဆင့် ပို့ဆောင်ခဲ့တာဖြစ်ပြီး ရနောင်းအုပ်ချုပ်ရေးမှူး ဆုမ်ကစ်ဆီဆာနက် နဲ့ မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ခံတွေက တာဝန်ယူလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
——————
ပုလောမြို့နယ် မကျည်းကုန်းကျေးရွာအနီးမှာ နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ ပုလောPDFအဖွဲ့ထံကနေသိရပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ ပုလောမြို့ ခလရ(၂၈၅) တပ်ရင်းအခြေစိုက်စခန်းတည်ရှိရာ မကျည်းကုန်းရွာအနီးမှာ ရှိတဲ့ စစ်တပ်ရဲ့ဂိတ်စခန်းဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
လက်နက်ကြီးပစ်ခတ်တာကြောင့် မှော်မိကျေးရွာ နန်းတောင်ကျေးရွာနဲ့ မကျည်းကုန်းကျေးရွာက ရွာသားခန့်မှန်းခြေ ၆၀၀ ဝန်းကျင် စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်။
◉ ပြည်သူ့ကာကွယ်ရေးတပ်များ ပေါက်ဖွားလာခြင်း
——————
နယ်စပ်တွေမှာ ကြိုဆိုလက်ခံရေးစခန်းဖွင့်မယ့်စစ်ကောင်စီအကြံ ပြည်ပရောက်တွေလက်မခံ
နယ်စပ်ဒေသတွေမှာပါ ကြိုဆိုလက်ခံရေးစခန်းတွေဖွင့်လှစ်ပြီး နိုင်ငံပြင်ပရောက်နေတဲ့ PDF တွေ၊ ကျောင်းသားလူငယ်တွေကို လက်ခံပေးသွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ကြေညာချက်က ယုံကြည်စရာမရှိဘူးလို့ ပြည်ပရောက် လူငယ်တွေက ပြောဆိုနေကြပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲက ပြန်လည်လက်ခံမယ်ဆိုတဲ့ သူတွေထဲမှာ PDF သင်တန်းတက်ရောက်ပြီး နိုင်ငံခြားကိုရောက်ရှိနေတဲ့သူတွေ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးနဲ့ လက်နက်ကိုင်တော်လှန်နေသူတွေနဲ့ CDM ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
ပြန်လည်ဝင်ရောက်လိုသူတွေကို လက်ခံရာမှာ နယ်စပ်စခန်းတွေအပြင် နီးစပ်ရာစစ်တပ်နဲ့ ရဲစခန်းတွေမှာလည်း ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
◉ တရားဝင်သမဂ္ဂ ဖွဲ့ခွင့်မရတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေး တိုက်ပွဲ
——————
လေးရက်မြောက် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို KNDO ဦးဆောင်ပြီးတိုက်ခိုက်နေတာ ဇွန် ၂၉ က လေးရက်မြောက်နေ့ဖြစ်ပါတယ်။
စခန်းထဲက ကျန်နေတဲ့ ကုန်းတစ်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်တက်လာတဲ့အတွက် မနက် ၇ နာရီက တိုက်ပွဲပြန်ဖြစ်ခဲ့ပါတယ်။
မြဝတီမြို့နယ် ဝေါလေဒေသမှာရှိပြီး စစ်ကောင်စီရဲ့ဗျူဟာအရ အရေးပါတဲ့ ဥကရစ်ထစခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့ Cobra စစ်ကြောင်းက ဒီလ ၂၆ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
