တောင်ပျောက်တိုက်နယ်ထဲမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်သားတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

တောင်ပျောက်တိုက်နယ်ထဲမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်သားတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်နေချိန် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဆီက သိရပါတယ်။

အခုလ ၁၈ရက်နေ့ မနက် ၅နာရီလောက်မှာ သဲချောင်းကြီး ရဲကင်းစခန်းကနေ ထွက်လာပြီး ကင်းလှည့်နေချိန် မိုင်းနင်းမိခဲ့တာပါ။

“သူတို့က အရင်ကလည်း အာရုံတက်ချိန်တို့၊ မနက်စောစောပိုင်းတို့မှာ သွားလာတတ်တယ်။ ထိတာကတော့ မြုပ်ထားတဲ့ ခြေနင်းမိုင်းပါပဲ” လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းထိမှန်ခဲ့တာကတော့ စစ်ကောင်စီရဲကင်းစခန်းက အရာရှိအဆင့်ဗိုလ်တစ်ဦးနဲ့ အခြားအဆင့်တပ်သားတစ်ဦးဖြစ်ပြီး သူတို့ကို ထားဝယ်မြို့က စစ်ဆေးရုံကိုပို့ဆောင်ချိန် လမ်းမှာပဲ တပ်သားက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီရဲကင်းစခန်းက စစ်ကောင်စီတပ်သားတွေဟာ ရှောင်တခင်ကင်းလှည့်တာတွေ ပြုလုပ်လေ့ရှိပြီး တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာနဲ့ ငွေကြေးတောင်းခံတာတွေကို ပြုလုပ်နေတယ်လို့လည်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

တောင်ပျောက်တိုက်နယ်အတွင်းမှာရှိတဲ့ အဆိုပါရဲကင်းစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၃၀ ဝန်းကျင်တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ၎င်းရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ဖူးပါတယ်။

The Tanintharyi Times