ဟားဗတ်နဲ့ အခြားအထင်ကရတက္ကသိုလ်တွေကို တိုက်ခိုက်ခြင်းနောက်ကွယ်မှာ ဘာရှိနေလဲ
ဟားဗတ်နဲ့ အခြားအထင်ကရတက္ကသိုလ်တွေကို တိုက်ခိုက်ခြင်းနောက်ကွယ်မှာ ဘာရှိနေလဲ

အမေရိကန်ရဲ့ လက်ရှိသမ္မတထရမ့်နဲ့ ကမ္ဘာ့အထင်ကရ ဟားဗတ်တက္ကသိုလ်တို့အကြား ထိပ်တိုက်သဘောထား တင်းမာမှုတွေဖြစ်ပေါ်နေပါတယ်။ အကြောင်းရင်းကတော့ ထရမ့်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအစိုးရအဖွဲ့ဘက်ကနေ ဟားဗတ်ရဲ့ တက္ကသိုလ်မူဝါဒတွေကို ပြောင်းလဲဖို့ အတင်းဖိအားပေးတောင်းဆိုချက်တွေကို ကျောင်းအုပ်ချုပ်သူဖြစ်တဲ့ အလန်ဂါဘာဘက်ကနေ လက်မခံခဲ့တာကြောင့်လို့ ဆိုပါတယ်။ အလန်ဂါဘာက တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ လွတ်လပ်ခွင့်တွေအတွက်ကို လုံးဝလက်လျော့သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
တကယ်တော့ အခုလို ထိပ်တိုက်တင်းမာမှုတွေမစတင်ခင်ကတည်းကပဲ ဟားဗတ်တက္ကသိုလ်အပါအဝင် ထိပ်တန်း အိုင်ဗီလိဂ်(Ivy League)တက္ကသိုလ်တွေက အမေရိကန်ရဲ့ အထက်တန်းလွှာလူနည်းစုအတွက်ပဲ အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်ဆိုတဲ့အချက်နဲ့ နိုင်ငံသားအများအပြားဆီကနေ ဝေဖန်မှုတွေ ခံနေရတာရှိပါတယ်။
တစ်ချိန်ထဲမှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားအများအပြားက အထူးသဖြင့် ရီပါ့ပလစ်ကန်အသိုက်အဝန်းက ထရမ့်ရဲ့ဝေဖန်ချက်တွေဖြစ်တဲ့ ကမ္ဘာ့ကျော်ကိန်းဘရစ်ချ်နဲ့ မက်ဆာချူးဆက်စ် တက္ကသိုလ်တွေရဲ့ ပညာရှင်တွေဟာ လက်ဝဲယိမ်းအယူအဆတွေဖြစ်တဲ့ ဂျန်န်ဒါနဲ့ လူမျိုးဖြစ်တည်မှုအပေါ်ကို တက်ကြွတဲ့ လုပ်ဆောင်မှုတွေကို စိတ်အားထက်သန်စွာလုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို လက်ခံနေကြပါတယ်။ ဒေတာတွေအရလည်း တက္ကသိုလ်တွေအပေါ် နိုင်ငံသားတွေရဲ့ယုံကြည်မှုတွေ ကျဆင်းနေကြောင်းကို ညွှန်ပြနေပါတယ်။
ဒီအခြေအနေတွေမှာ ထရမ့်ရဲ့ ထိပ်တန်းတက္ကသိုလ်တွေအပေါ် ထိုးနှက်ချက်က သူ့ကိုထောက်ခံနေသူတွေကို နှိုးဆွပေးဖို့ဆိုတာထက် ရည်ရွယ်ချက်အားဖြင့် ပိုမိုနက်နဲကျယ်ပြန့်ပါတယ်။
ထရမ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေအပေါ် အခုလို ဖိအားပေးလာမှုတွေက လွတ်လပ်တဲ့ တရားရုံးတွေ၊ ဖယ်ဒရယ်အုပ်ချုပ်ရေးစနစ်တွေ၊ မီဒီယာတွေ ပါဝင်နေတဲ့ လစ်ဘရယ်အာဏာရဲ့ ဗဟိုကို ထိန်းချုပ်ဖို့ကြိုးစားလာမှုရဲ့ တစိတ်တဒေသဖြစ်ပါတယ်။ ရီပတ်ပလစ်ကန်ပါတီနဲ့ နိုင်ငံတော်တရားရုံးချုပ် ကို ထိပါးနှောင့်ယှက်ပြီးတဲ့နောက် သူစီစဉ်ထားတဲ့ အစီအမံတွေကို ဝေဖန်လာနိုင်တဲ့ နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍကိုပါ နိုင်ငံရေးလက်တံ ချဲ့ထွင်ဖို့ ကြိုးစားလာတာလို့ ယူဆနိုင်ပါတယ်။
ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေက တက္ကသိုလ်အတွင်းမှာ အုပ်ချုပ်သူတွေ၊ ပညာရှင်တွေကိုသာမက ကျောင်းသားတွေအတွက်လည်း ကြောက်ရွံမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံတကာကျောင်းသားအချို့ကို လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက လမ်းပေါ်တင် ဖမ်းဆီးသွားကြသလို အခြားသော ရာနဲ့ချီတဲ့ ကျောင်းသားတွေရဲ့ နိုင်ငံဝင်ခွင့်ဗီဇာတွေကိုလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအကျိုးစီးပွားမူဝါဒတွေကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခဲ့ပါသေးတယ်။
ဒီလို ဖိနှိပ်မှုဆန်တဲ့ လုပ်ဆောင်ချက်တွေက တက္ကသိုလ်တွေရဲ့ လွတ်လပ်တဲ့ရပ်ဝန်းတွေကို ထိခိုက်စေပြီး လွတ်လပ်စွာဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တွေအတွက် စိန်ခေါ်မှုတွေရှိလာပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ တောင်းဆိုချက်တွေကို ဆန့်ကျင်မယ်ဆိုရင် ဆန့်ကျင်တဲ့ တက္ကသိုလ်တွေကို ဖယ်ဒရယ်အစိုးရရဲ့ ရန်ပုံငွေတွေ ဖြတ်တောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိပါတယ်။ ဒီလို လုပ်ရပ်တွေက ကင်ဆာနဲ့ အယ်လ်ဇိုင်းမားလို အန္တရာယ်များတဲ့ ရောဂါတွေကို ကုသတဲ့ ကဏ္ဍမှာ ဦးဆောင်နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သိပ္ပံနဲ့ ဆေးဘက်ဆိုင်ရာသုတေသနနယ်ပယ်တွေအပေါ်လည်း သက်ရောက်မှုတွေ ရှိလာစေပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နယူးယောက်မြို့ကိုယ်စားလှယ် Elise Stefanik က ဟားဗတ်တက္ကသိုလ် ခေါင်းဆောင်သူ Claudine Gay ကို ဂျူးဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ ပက်သက်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးတဲ့နောက် တာဝန်ကနေ နုတ်ထွက်စေခဲ့ပါတယ်။
ယခုအခါမှာတော့ ဟားဗတ်တက္ကသိုလ်က အစိုးရရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ ငြင်းဆိုတာကြောင့် အမေရိကန် ဒေါ်လာ ၂ ဒသမ၂ ဘီလီယံတန်ဖိုးရှိတဲ့ အစိုးရအထောက်အပံ့ငွေများကို ဖယ်ဒရယ်အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။ Stefanikက တက္ကသိုလ်တွေကဆရာတွေရဲ့ ၉၇ ရာခိုင်နှုန်းလောက်က မိမိကိုယ်ကို ဒီမိုကရေစီဘက်တော်သားတွေလို့ ပြောဆိုနေကြပြီး အမေရိကန်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့အယူအဆတွေကို တက္ကသိုလ်တွင်းမှာ သင်ကြားနေကြတယ်လို့ စွပ်စွဲပြောဆိုပါတယ်။
ဒါ့အပြင် တက္ကသိုလ်တွေက ဂျူးဆန့်ကျင်ရေးနဲ့ အကြမ်းဖက်အားပေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး နိုင်ငံခြားသားတွေကို နယ်နှင်ဒဏ်ပေးဖို့လုပ်ဆောင်လာသလို တက္ကသိုလ်တွင်းက သင်ကြားရေးအစီအစဉ်တွေ၊ ဌာနတွေအပေါ် ပြန်လည်သုံးသပ်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စုံလင်ကွဲပြားမှု၊ မျှဝေတူညီမှုနဲ့ ပူးပေါင်းပါဝင်နိုင်မှု (Diversity, Equity, and Inclusion) စတဲ့ မူဝါဒတွေကို ရပ်ဆိုင်းဖို့နဲ့ လူမျိုး၊ ဘာသာနဲ့ လိင်စိတ်ခံယူမှုအပေါ် အခြေခံတဲ့ ဝန်ထမ်းခန့်အပ်မှုတွေအပါအဝင် ကျောင်းသားအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေအပေါ် တင်းကြပ်စွာ စီမံဖို့တွေ အထိ အတင်းအကြပ်ဖိအားပေးလာပါတယ်။
ဒါဟာ တက္ကသိုလ်တွေရဲ့ လွတ်လပ်စွာတည်ရှိမှုအပေါ် အကြမ်းဖက်အာဏာသုံးပြီး ဖိနှိပ်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကိုလံဘီယာတက္ကသိုလ်အပါအဝင် တက္ကသိုလ်အများအပြားက အဆိုပါ တောင်းဆိုချက်တွေကို ပယ်ချတဲ့အတွက် တရားရုံးတွေမှာ ဖြေရှင်းရတဲ့အထိ ရောက်ရှိလာပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ အုပ်ချုပ်သူနဲ့ ဘဏ္ဍာရေးဥက္ကဌဟောင်း Lawrence Summers က တက္ကသိုလ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ လိုအပ်နေတာ မှန်ပေမယ့် အခုလို အစိုးရရဲ့ စိတ်ကြိုက်ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားပြီး ဖိအားပေးစေခိုင်းလာတာက မဖြစ်သင့်ကြောင်း CNNနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဒီအခြေအနေမှာ တက္ကသိုလ်တွေဘက်ကနေ အစိုးရထောက်ပံ့ငွေ ဘီလျံပေါင်းများစွာဆုံးရှုံးနိုင်တယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေကြောင့် အလျော့ပေးပြီး နောက်ပြန်ဆုတ်မယ်ဆိုရင် ထရမ့်ရဲ့ အာဏာသက်ရောက်မှုကို ပိုပြီးချဲ့ထွင်အားပေးပြီးသားဖြစ်နေပါတယ်။အဲလိုမဟုတ်ဘဲ တက္ကသိုလ်တွေဘက်ကနေ လက်မခံဘဲတုံ့ပြန်ကြတဲ့အခါ အစိုးရနဲ့ အဆင့်မြင့်ပညာရေးကဏ္ဍရဲ့ တက္ကသိုလ်တွေအကြားထိပ်တိုက်တွေ့ဆုံသဘောထားကွဲလွဲလာတာဖြစ်ပါတယ်။ ဒီမိုကရက်ပါတီဝင်တွေက ဒီကိစ္စကို ဝေဖန်လာရင်လည်း ဒီမိုကရေစီအုပ်စုတွေက အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေပြီး ပညာရေးအာဏာရှင် စနစ်ကိုသာ ကိုယ်စားပြုနေပါတယ်ဆိုတဲ့ အနေအထားကို တွန်းပို့နေပါတယ်။
အမေရိကန်ပထမဖြစ်ရမယ် (Great American Great Again) ဆိုပြီး ကြွေးကြော်ခဲ့သူတွေရဲ့ မုန်းတီးမှုတွေဟာ ခုလက်ရှိမှာ နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေအပေါ် ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီအချက်ကို ထင်ရှားအောင် ပြသနေတာကတော့ အိုင်ဗီလိဂ် (Ivy League) တက္ကသိုလ်တွေကနေ ဘွဲ့ရရှိထားတဲ့ Stefanik နဲ့ ဒုတိယသမ္မတ JD Vance တို့လို လူတွေပဲဖြစ်ပါတယ်။ သူတို့တွေက အမေရိကန်ဦးစားပေးရေးအဆိုတွေကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေကို ပိုမိုရရှိလာအောင် သူတို့ပညာသင်ကြားခဲ့တဲ့ တက္ကသိုလ်တွေကို ဆန့်ကျင်ပြောဆိုတာတွေကို အသုံးချပြီး လုပ်ဆောင်နေပါတယ်။
ဥပမာအနေနဲ့၊ ၂၀၂၁ ခုနှစ်မှာ ကျင်းပတဲ့ National Conservatism Conference မှာ Yale တက္ကသိုလ် ဥပဒေသိပ္ပံဘွဲ့ရ JD Vance က အထက်တန်းလွှာတက္ကသိုလ်တွေကို ဆန့်ကျင်ဖို့ မဲဆွယ်စည်းရုံးခဲ့ပါသေးတယ်။ “ဒီနိုင်ငံအတွက်၊ ဒီနိုင်ငံသားတွေအတွက် တကယ်ရရှိသင့်တဲ့ တိုးတက်မှုတွေကို ရချင်တယ်ဆိုရင် အဆိုပါတက္ကသိုလ်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ လိုပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
အထက်တန်းလွှာတက္ကသိုလ်တွေအပေါ် အခုလို တိုက်ခိုက်မှုတွေက အမေရိကန်ဦးစားပေးအတွေးအခေါ်နဲ့ အမေရိကန်သာထိပ်တန်းဖြစ်ရမယ်ဆိုတဲ့ ထရမ့်ရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအချက်ကို ထောက်ခံနေကြတဲ့သူအများစုကလည်း လစ်ဘရယ်တက္ကသိုလ်တွေက အမေရိကန်ဆန့်ကျင်ရေး ဝါဒတွေကို အားပေးနေတယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ စွပ်စွဲချက်တွေကိုလည်း လက်ခံနေကြပါတယ်။
၂၀၂၄ မဲဆွယ်ကာလအတွင်းမှာလည်း ဒေါ်နယ်ထရမ့်က တက္ကသိုလ်တွေမှာ “ကွန်မြူနစ် မာ့က်စ်ဝါဒီ ”တွေနဲ့ ပြည့်နေတယ်လို့ ဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်ကလည်း တက္ကသိုလ်တွေရဲ့ ပညာရှင်အသိုက်အဝန်းအပေါ် သံသယစိတ်များပြီး သူ့ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို ငြင်းပယ်ခဲ့တာက ဒီသံသယကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ အခုအခါမှာလည်း သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် ပြင်ဆင်နေတဲ့ အစိုးရအဖွဲ့အသစ်မှာပါ ဒီလိုသဘောထားတွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
ဒီလို အာဏာရှင်ဆန်လွန်းတဲ့ ချဉ်းကပ်မှုတွေက ထရမ့်ကနေ တက္ကသိုလ်တွေမှာ ပြုလုပ်နေတဲ့ ဂျူးဆန့်ကျင်ရေးတွေကို ပယ်ဖျက်ဖို့ဆိုတဲ့ အကြောင်းပြချက်အပြင် အခြားနိုင်ငံရေးရည်ရွယ်ချက်တွေရှိနေတယ်လို့ ပြသနေပါတယ်။
“ထရမ့်ရဲ့ အစီအစဉ်က တက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ အယူအဆတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားပြီးတော့ အစိုးရဘက်ကနေ ဖြစ်စေချင်၊ပြောစေချင်သလို နာခံလိုက်နာကြဖို့ဖြစ်တယ် လို့ ဟားဗတ်တက္ကသိုလ်၊ ဥပဒေဌာနရဲ့ပါမောက္ခ Andrew Manuel Crespo က CNN ကို ပြောကြားခဲ့ပါတယ်။
ထရမ့်ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုတွေကြောင့် အစ္စရေးကို ဆန့်ကျင်တဲ့ တက္ကသိုလ်တွင်းဆန္ဒပြတာတွေမှာ ပါဝင်ခဲ့သူများစွာနဲ့ မပါဝင်ခဲ့သူတချို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် တက္ကသိုလ်တွင်းတွေမှာ ဆန့်ကျင်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာစေပါတယ်။
ပြီးခဲ့တဲ့အပတ်က လူဆီယားနားပြည်နယ်ရဲ့ တရားရုံးက အမေရိကန်နိုင်ငံသားနဲ့လက်ထပ်ထားပြီးတော့ တရားဝင်နေထိုင်ခွင့်ရှိနေတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြုမှုတွေမှာ ထင်ရှားတဲ့ ပါလက်စတိုင်းလူ့အခွင့်ရေးဦးဆောင်လှုပ်ရှားသူ ကိုလမ်ဘီယာတက္ကသိုလ်ဘွဲ့ရ Mohamoud Khalil ကို ဂျူးဆန့်ကျင်ရေးပြစ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
အလားတူပဲ Tufts တက္ကသိုလ်က ကျောင်းသူဖြစ်တဲ့ Rumeysa Ozturk ကို ဟားမတ်အဖွဲ့ကိုထောက်ခံတယ်ဆိုပြီး Massachusettsပြည်နယ်၊ Somervilleအနီးမှာ မတ်လတုန်းက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တစ်ခုစာ နေထိုင်လာတဲ့ Columbia တက္ကသိုလ်မှ ပါလက်စတိုင်းကျောင်းသားဖြစ်တဲ့ Mohsen Mahdawiရဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာမှာလည်း ပါလက်စတိုင်းလူမျိုးဖြစ်ခြင်းနဲ့ ပါလက်စတိုင်းအရေး လှုံ့ဆော်မှုနဲ့ ထိန်းသိမ်းဖမ်းဆီးခံရပါတယ်။ အလားတူ ကိုလံဘီယာတက္ကသိုလ်ကျောင်းသူ Ranjani Srinivasan ကလည်း သူမရဲ့ ကျောင်းသားဗီဇာဖျက်သိမ်းခံရကြောင်း အီးမေးလ်ရရှိပြီးနောက် ကနေဒါနိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။
ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အဲဒီလိုဖြစ်ရပ်တွေဟာ ဥပဒေကိုချိုးဖောက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုဖိနှိပ်တဲ့ ထရမ့်ဦးဆောင်တဲ့ အုပ်ချုပ်ရေးရဲ့ လက္ခဏာဖြစ်တယ်လို့ သတိပေးကြပါတယ်။
ပင်စလဗေးနီးယားတက္ကသိုလ် Carey ဥပဒေပညာကျောင်း၊ Transnational Legal Clinic ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Sarah Paoletti ကလည်း ထရမ့်ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ “တရားမျှတမှုနဲ့ ဖွဲ့စည်းပုံအခြေခံအခွင့်အရေးတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်” လို့ပြောပါတယ်။ “လူထုရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေကို ထိန်းချုပ်ပြီး ကြောက်ရွံ့မှုတွေနဲ့ ဖိနှိပ်နေတာတွေက ဆိုးရွားတဲ့ နောက်ဆက်တွဲရလာဒ်တွေကို ကြုံရမယ်လို့လည်း သူမက ဆိုပါတယ်။ ကိုလံဘီယာတက္ကသိုလ်ရဲ့ Knight First Amendment Institute ရဲ့ အမှုဆောင်ဒါရိုက်တာ Jameel Jaffer က အခုလို ထရမ့်ရဲ့ တက္ကသိုလ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ရန်လိုခြင်းက အမေရိကန်အဆင့်မြင့်ပညာရေးရဲ့ လွတ်လပ်မှုတွေနဲ့ ပွင့်လင်းမြင်သာမှုတွေကို ဖိနှိပ်နိုင်တယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။
“ကမ္ဘာအနှံ့အပြားက လူများစွာက အမေရိကန်တက္ကသိုလ်တွေမှာလာရောက်ပြီးလေ့လာကြတာရဲ့ တစ်စိတ်တစ်ပိုင်းက ကမ္ဘာအနှံ့ကလူတွေရဲ့ မတူညီတဲ့ဘဝအတွေ့အကြုံတွေ၊ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအမြင်တွေ၊ နိုင်ငံရေးအမြင်တွေနဲ့ ဘာသာရေးယုံကြည်မှုတွေကို လွတ်လပ်စွာ ဖလှယ်ကြကာ လက်တွေ့ထိတွေ့သိရှိနိုင်တဲ့နေရာမို့လို့ပါ” လို့ CNN ရဲ့ Audie Cornish ၏ podcast “The Assignment” အတွက် ပြုလုပ်တဲ့ အင်တာဗျူးမှာ Jafferက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသားတွေကို လွပ်လပ်စွာပြောဆိုခွင့်တွေနဲ့၊ ဆွေးနွေးခွင့်တွေအစား ကြောက်ရွံ့မှုတွေပဲ ပေးနေမယ်ဆိုရင်တော့ ဒါက နိုင်ငံခြားကျောင်းသားတွေအတွက်တင်မကဘဲ ကျန်တဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ နိုင်ငံသားတိုင်းအတွက်ပါ ထိခိုက်ပြီး သက်ရောက်မှုတွေ၊ ဖိနှိပ်မှုတွေရှိလာစေပါတယ်လို့လည်း သတိပေးပြောဆိုထားပါတယ်။
(ဖော်ပြပါ ဆောင်းပါးကို CNN သတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် Stephen Collinsonရဲ့ Why Trump is relishing his duel with Harvard and other elite schools ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်)
ပီတု
The Tanintharyi Times