မွန်ပြည်နယ်က စစ်ကောင်စီကင်းစခန်းနဲ့ နယ်မြေရဲစခန်းတွေ ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ
မွန်ပြည်နယ်က စစ်ကောင်စီကင်းစခန်းနဲ့ နယ်မြေရဲစခန်းတွေ ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ
မွန်ပြည်နယ်အတွင်းက စစ်ကောင်စီကင်းစခန်းနဲ့နယ်မြေရဲစခန်းတွေကို ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-KD)က ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို မနေ့နေ့လည် ၁၂ နာရီခွဲဝန်းကျင်က စပြီး တစ်နာရီအတွင်း ဗုံးသီး ၁၀ လုံးအသုံးပြုကာ ဒရုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့တဲ့ ဗုံးသီး ၁၀လုံးစလုံး ပေါက်ကွဲခဲ့ပြီး နယ်မြေရဲစခန်းအတွင်းမှာရှိတဲ့ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးနဲ့ အဆောက်အအုံပျက်စီးဆုံးရှုံးမှုအခြေနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ PPDF-KD တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဆိုပါနယ်မြေရဲစခန်းဟာ အခုလ ၂၇ ရက်နေ့ကလည်း ဗုံးသီး ၁၀ လုံးအသုံးပြုကာ ဒရုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရတာပါ။
PPDF-KD တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ အင်အားထပ်တိုးလာတယ်လို့ သတင်းရလို့ပါ။ သူတို့တွေရှိနေနိုင်တဲ့ စခန်းအထဲကနေရာတွေကို ထပ်ပြီးချတာပါ။ အကြိမ်ကြိမ်တိုက်ခိုက်နေတာကိုတော့ စစ်ရေးသတင်းဖြစ်နေလို့ မပြောတော့ပါဘူး” လို့ ပြောပါတယ်။
တိုက်ခိုက်မှုနှစ်ခုစလုံးအတွင်း အဆောက်အအုံမီးလောင်ပြာကျတာတွေလည်းရှိနေပြီး အတိအကျကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တနေ့တည်းမှာပဲ ညနေ ၆ နာရီခွဲအချိန်လောက်မှာ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ သံတံတားကင်းဂိတ်စခန်းကို ဗုံးသီး ၅ လုံးအသုံးပြုပြီး ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF)၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-KD)၊ ဘီလင်းမြို့နယ်(ပကဖ)၊ ကျိုက်ထိုမြို့နယ်(ပကဖ)၊ KNLAနဲ့ PDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
နှစ်ရက်အတွင်းမှာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမတလျှောက် စစ်ကောင်စီတပ်ကင်းပုန်းတွေ၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံနေရပြီး စစ်ဆေးရေးတွေတင်းကျပ်နေတယ်လို့ သိရပါတယ်။
မနေ့ကလည်း ဘီးလင်း-သထုံလမ်းပိုင်းက စစ်ကောင်စီကင်းပုန်းတွေ တိုက်ခိုက်ခံခဲ့ရသလို ရေးမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
The Tanintharyi Times
