“တော်လှန်ရေးအင်အားစုတွေဘက်က ပါးပါးနပ်နပ်တုန့်ပြန်သင့်တယ်”
“တော်လှန်ရေးအင်အားစုတွေဘက်က ပါးပါးနပ်နပ်တုန့်ပြန်သင့်တယ်”

- စစ်ကောင်စီရွေးကောက်ပွဲအပေါ် သူတို့အမြင်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အခုနှစ်ကုန်ပိုင်းနဲ့နောက်နှစ်အစပိုင်းတွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အခုရက်ပိုင်းမှာပဲ ထုတ်ပြောလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဏာသိမ်း လေးနှစ်အတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုမှုတွေ တောက်လျှောက်ရှိလုပ်ခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ ရွေးကောက်ပွဲလုပ်မယ့်ပုံစံ၊ အချိန်တွေကိုပါ ထုတ်ပြောလာတာကြောင့် စစ်ကောင်စီဟာ မဖြစ်ဖြစ်တဲ့နည်းတဲ့ကျင်းပတော့မယ်အခြေအနေဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲဟာအတွက် ရည်ရွယ်တာလဲ၊ ဘယ်လိုပုံစံနဲ့ကျင်းပလာနိုင်လဲ၊ အဲဒီရွေးကောက်ပွဲအပေါ်မှာ ဘယ်လိုသဘောထားရှိလဲဆိုတာတွေကိုသိရဖို့ တနင်္သာရီတိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတချို့ကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ ကဏ္ဍက မေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ဒေါက်တာထူးနေအောင် (၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)
မေး – စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်အစပိုင်းမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ စီစဥ်နေတယ်ပေါ့နော်။ အဲဒီရွေးကောက်ပွဲအပေါ်မှာ အကိုတို့ရဲ့ သဘောထားဘယ်လိုရှိပါသလဲ။
ဖြေ – မင်းအောင်လှိုင်ကလုပ်မယ့်ရွေးကောက်ပွဲအပေါ် သဘောထားကတော့ ကျနော်တို့အနေနဲ့ ဘာမှလက်ခံစရာအကြောင်းမရှိဘူး။ အသိအမှတ်ပြုစရာလည်း အကြောင်းမရှိဘူးပေါ့။ ပြီးခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်ကတည်းက လုပ်တဲ့ရွေးကောက်ပွဲမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲကို ပွင့်ပွင့်လင်းလင်းပြသခဲ့ပြီးပြီ။ ပြည်သူတင်တဲ့အစိုးရသာ တရားဝင်ဖြစ်တယ်လေ။ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ သဘောထားကလည်း ဒီလိုတစ်ထပ်တည်းကျမယ်လို့ ကျနော်ကတော့ ယုံကြည်တာပေါ့နော်။
မေး – စစ်ကောင်စီဟာ အရင်ကလည်းရွေးကောက်ပွဲလုပ်မယ်ဆိုပြီး တောက်လျှောက်ပြောခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်ကတော့ ဘယ်လိုပုံစံ၊ ဘယ်လိုစနစ်တွေနဲ့ လုပ်မယ်ဆိုတာကအစ ထုတ်ပြောလာတယ်။ စစ်ကောင်စီဟာ ဘာကြောင့်ရွေးကောက်ပွဲလုပ်ဖို့ အခုလိုရတဲ့နည်းနဲ့ ကြိုးပမ်းနေတယ်လို့ထင်လဲ။
ဖြေ – သူအာဏာသိမ်းကတည်းက တစ်နှစ်ကြာရင်လုပ်ပေးမယ်၊ နှစ်နှစ်ကြာရင်လုပ်ပေးမယ်ဆိုပြီးပေါ့။ အခုကတော့ အစီအစဥ်ချပြီးပြောလာတာပေါ့။ ဘာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ကြိုးစားနေတာလဲဆိုတော့ အဓိကကတော့ ထွက်ပေါက်ရှာတာပေါ့နော်။ လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် စစ်ရေးဖက်မှာရော နယ်မြေတွေ၊ စခန်းတွေစွန့်လွှတ်လိုက်တာအများကြီးရှိတယ်၊ တပ်ထဲမှာလည်းဖိအားတွေ အများကြီးရှိတယ်။ အဖက်ဖက်က အဲလိုဖိအားတွေများနေတော့ နိုင်ငံရေးထွက်ပေါက်ရှာတာပေါ့။ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုတော့ ရွေးကောက်ပွဲကနေ လိုချင်တဲ့ပုံစံမျိုးတော့ရှိမှာပေါ့။ သူတို့လုပ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပဲပြောပြော ဒီမိုကရေစီဖယ်ဒရယ်ပဲပြောပြော ယုံစရာအကြောင်းမှမရှိဘဲ။ မဲရုံထဲကထွက်လာတဲ့အချိန်ပြောခဲ့တာပဲ။ NLD အစိုးရလက်ထက် မဲရုံထဲကထွက်လာချိန်က ပြောခဲ့တဲ့ဟာတွေလည်း မီဒီယာမှာပါပြီးသားပဲ။ ရွေးကောက်ပွဲတော့ အောင်မြင်စွာပြီးဆုံးသွားပြီ။ ပြည်သူတွေရဲ့ဆန္ဒကိုလက်ခံရမှာပဲဆိုပြီးတော့။ ပြီးတော့ အပြောနဲ့အလုပ်နဲ့မညီဘဲ လုပ်လာခဲ့တာတော့ ဒီနေ့အချိန်ထိပဲလေ။
မေး – တနင်္သာရီတိုင်းအတွင်းမှာရော ဘယ်လိုနေရာတွေမှာရွေးကောက်ပွဲလုပ်လာနိုင်လဲ၊ ဘယ်နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်လဲ။
ဖြေ – တနင်္သာရီတိုင်းမှာ လုပ်ဖြစ်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေမဟုတ်တဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးနယ်မြေမဟုတ်တဲ့၊ NUG အုပ်ချုပ်ရေးနယ်မြေမဟုတ်တဲ့ နေရာတွေမှာပဲ လုပ်ဆောင်နိုင်မှာပေါ့။ ကျနော် ဒီလိုပဲသုံးသပ်တာပေါ့။ မြို့ပေါ်တွေကိုက ကျနော်တို့တော်လှန်ရေးအင်အားစုတွေဘက်က သွားရောက်ပြီး နယ်မြေစိုးမိုးနိုင်တာမရှိတော့ သူတို့ လုပ်သာကိုင်သာရှိတဲ့အခြေအနေမျိုးပေါ့။ နယ်မြေအကန့်အသတ်တော့ အများကြီးရှိလာမှာပါ။
မေး – ရွေးကောက်ပွဲလုပ်ရင် ဘယ်လိုပုံစံနဲ့လုပ်လာနိုင်လဲ။ တော်လှန်ရေးဘက်က ရွေးကောက်ပွဲကို ဘယ်လိုတုန့်ပြန်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ – ရွေးကောက်ပွဲကိုဘယ်လိုလုပ်လာနိုင်လဲဆိုတာကတော့ မင်းအောင်လှိုင်တို့ မီဒီယာမှာပြောသမျှပဲ သိနိုင်တာပေါ့။ ဘယ်လိုတုန့်ပြန်သင့်လဲဆိုတာကတော့ အခု NUG ဘက်ကရော ကျနော်တို့အဖွဲ့အစည်းအသီသီးက တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက စကားဝိုင်းပုံစံနဲ့ပဲ လုပ်နေတာပေါ့နော်။ ပြီးတော့ ကျနော်တို့ ၂၀၁၀ တုန်းကကြည့်မယ်ဆိုရင်လည်း NO Vote ကမ်ပိန်းဆိုလည်း မဲသွားမထည့်ပေမဲ့ သူတို့က ၂၀၀၈ ကိုကိုင်စွဲပြီးလုပ်တာဆိုတော့ သူတို့ကိုထောက်ခံတဲ့ ကြံ့ဖွတ်လိုပါတီတွေ ပြည်သူကိုမျက်နှာမမူ၊ ပြည်သူကိုကိုယ်စားမပြုတဲ့ နိုင်ငံရေးပါတီအငယ်တွေတော့ အများကြီးရှိတာပေါ့။ ဒါကြောင့် မဲကတော့ သူတို့ကိုထောက်ခံတဲ့အနည်းအကျဥ်းတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အောင်မြင်နိုင်မယ်တော့မထင်ဘူး။ တုန့်ပြန်သင့်တဲ့ဟာကတော့ NUG ဘက်က၊ တော်လှန်ရေးအင်အားစုတွေဘက်က ပါးပါးနပ်နပ်တုန့်ပြန်သင့်တယ်လို့ ကျနော်ကထင်တယ်။ ဆိုလိုတာက ရွေးကောက်ပွဲလုပ်နေပြီဆိုရင် အဲလိုနေရာတွေကို အရပ်သားတွေ ထိခိုက်နိုင်မယ့် လမ်းစဥ်မျိုးတော့ မလုပ်သင့်ဘူးပေါ့နော်။ အရပ်သားထိခိုက်မှုမရှိအောင်တော့ ကျနော်တို့ဘက်ကနေပြီးတော့ နိုင်ငံတကာဥပဒေတွေနဲ့ ပါးပါးနပ်နပ် တုန့်ပြန်ဆောင်ရွက်သင့်တယ်လို့တော့ ထင်တာပေါ့။
မေး -အဲဒီရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ တော်လှန်ရေးမှာ အပြောင်းအလဲတွေ၊ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လား။ ဘာကြောင့်ပါလဲ။
ဖြေ – ဒါကကျတော့ နိုင်ငံတကာက သူတို့ပြောလာမယ့်စကားအပေါ်မှာလည်း မူတည်လိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြောင်းလဲတဲ့အကျိုးသက်ရောက်မှုတော့ ရှိမှာမဟုတ်ဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ အန္တိမရည်မှန်းချက်ကလည်း နွေဦးတော်လှန်ရေးအစကတည်းက စစ်အာဏာရှင်အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖို့အတွက်လုပ်လာတယ်။ ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ ဆိုတဲ့အချက်တွေပါတာပေါ့။ ဘာကြောင့် အကျိုးသက်ရောက်မှုဘာကြောင့်မရှိနိုင်လဲဆိုရင်တော့ စစ်တပ်ရဲ့အခြေအနေ ပြိုလဲခါနီးဖြစ်တဲ့ဟာက သမိုင်းတစ်လျှောက်မှာ နွေဦးတော်လှန်ရေးကာလဟာ အဆိုးရွားဆုံးရောက်နေတာပေါ့။ ဒီအချိန်မှသာ အမြစ်မဖြတ်နိုင်ရင်တော့ လာမယ့်မျိုးဆက်တွေကတော့ စနစ်ဆိုးအောက်မှာကျန်ခဲ့မယ့် သမိုင်းအမွေဆိုးတော့ချန်ခဲ့လို့မဖြစ်ဘူးပေါ့။ ဘာပဲပြောပြော နွေဦးတော်လှန်ရေးမအောင်မြင်ခဲ့ရင် သမိုင်းတရားခံက ကျနော်တို့ပဲဖြစ်သွားမယ်ဆိုတာကို ကျနော်ကတော့ ပြောရဲတယ်။
မေး – ရွေးကောက်ပွဲကျင်းပပြီးသွားရင် စစ်ကောင်စီဆန္ဒရှိတဲ့ပါတီနဲ့၊ လူပုဂ္ဂိုလ်တွေကပဲတက်လာနိုင်တယ်၊ ပြီးတော့သူတို့ဟာ နိုင်ငံတကာမှာ ရွေးကောက်ခံအစိုးရပုံစံနဲ့ လုပ်ဆောင်လာနိုင်တယ်လို့ သုံသပ်ကြတာလည်းရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ၊ တစုံတရာ စိုးရိမ်မှုရှိပါလား။
ဖြေ – ရွေးကောက်ပွဲကျင်းပပြီးရင် မင်းအောင်လှိုင်အလိုရှိတဲ့ ပါတီနဲ့လူတွေပဲတက်လာမှာကိုတော့ ကျနော်တို့သိပြီးသားပုံစံပါပဲ။ ကျနော်တို့ NLD လက်ထက်ကလုပ်တဲ့ဟာလည်း သူလိုချင်တဲ့ရလဒ်မရလို့ လုပ်တဲ့ဟာကိုး။ သူကသမ္မတရူး ဘုရင်ရူးရူးနေတဲ့ဟာလည်း အားလုံးသိတဲ့အတိုင်းပေါ့လေနော်။ သူ့လူတွေ ရွေးကောက်ခံအစိုးရဆိုတာကတော့ သူတို့ဘာသာလုပ်နေတဲ့ဟာပေါ့။ နိုင်ငံတကာကကြည့်ရင် ရုရှားတို့ တရုတ်တို့ မင်းအောင်လှိုင်သွားခဲ့တဲ့ ဘီလာရုတို့ အာဏာရှင်နဲ့ဆက်စပ်တဲ့ စနစ်ကျင့်သုံးတဲ့နိုင်ငံတွေပေါ့။ ပြီးတော့ ကျနော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကစ ရွေးကောက်ပွဲကိုကူမယ်ဆိုတာမျိုး ထွက်လာတာပေါ့။ ဒါပေမဲ့ တခြားအင်အားကြီးနိုင်ငံတွေကတော့ သူ့ရဲ့ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ်ဆိုတဲ့ပုံစံမျိုး မပြောလာဘူး။ ဒီအပေါ်မှာ ကျနော့်အနေနဲ့မြင်တာကတော့ UN သော်လည်းကောင်း၊ EU သော်လည်းကောင်း၊ အာဆီယံသော်လည်းကောင်း ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတဲ့ဟာကို ပြတ်ပြတ်သားသားပြောသင့်တာပေါ့။ တချို့နိုင်ငံတွေက စစ်ကောင်စီရွေးကောက်ပွဲကို သံသယရှိတယ်၊ တရားမျှတမှုရှိပါ့မလားဆိုတာလောက်နဲ့ကတော့ ဒါတွေကပြောစရာအကြောင်းကို မရှိဘူးလေ။ အဓိက ပြည်သူထောက်ခံမှုအများဆုံးဖြစ်တဲ့ ကျနော်တို့ NLD ပါတီရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ခေါင်းဆောင်တွေ တော်တော်များများကိုလည်း သူတို့ဖမ်းဆီးအကျဥ်းချထားတယ်လေ။ သူတို့လုပ်မယ့်ဟာကတော့ လူအခွင့်အရေးတွေတွေဘာတွေမရှိပါဘူး။ အခု ကိုကိုကြီးတို့ထုတ်ပြောခဲ့တဲ့ဟာကို ကြည့်ကြည့်ပေါ့။ စစ်တပ်က သူလက်ခံနိုင်တဲ့ရလဒ်ရမှဆိုတော့ အစကတည်းကရွေးကောက်ပွဲလုပ်မနေနဲ့ပေါ့။ သူလက်ခံမှရမယ်ဆိုတော့ သူ့ဘာသူဆက်ပြီးအုပ်ချုပ်သွားမယ့်သဘောရှိပါတယ်။ လုပ်ဖြစ်မယ် မလုပ်ဖြစ်မယ်ဆိုတာလည်းပဲ နွေဦးတော်လှန်ရေးရဲ့အရွေ့ပေါ့လေနော်၊ စစ်ရေးအသာစီးရမှုအပေါ်မှာလည်း အများကြီးမူတည်သေးတော့ ကျနော်တို့ NUG ဘက်ကလည်း ဒီကာလမတိုင်ခင်မှာ ဘယ်လိုမျိုးသိသာထင်ရှားတဲ့ အပြောင်းလဲမျိုးလုပ်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေသေးတာပေါ့။
ကိုမင်းလွင်ဦး
(ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်)
မေး – စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်အစပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ စီစဥ်နေတယ်ပေါ့နော်။ အဲဒီရွေးကောက်ပွဲအပေါ်မှာ အကိုတို့ရဲ့ သဘောထားဘယ်လိုရှိပါလဲ။
ဖြေ – ကျနော်တို့ DDMSC အနေနဲ့ကကျတော့ ကျနော်တို့ရဲ့မူဝါဒလက်စွဲမှာလည်းပါတယ်ဗျာ။ စစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားမယ်ဆိုတဲ့ မူဝါဒရပ်တည်ချက် ကျနော့်တို့မှာရှိတယ်။ ကျနော်တို့လည်း အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတောက်လျှောက် ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ၊ ပြည်သူလူထုကို အတုအယေယာင် ရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ ဆော်သြတဲ့၊ အသိပညာပေးတဲ့လှုပ်ရှားမှုတွေလည်း လုပ်လာခဲ့တာဖြစ်တယ်။ အဲဒီအပြင် တစ်နိုင်ငံလုံးမှာရှိနေတဲ့ ကျနော်တို့နဲ့ရပ်တည်ချက်တူတဲ့သူတွေနဲ့ စုပေါင်းပြီး အတုယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီဆိုတာမှာလည်း ကျနော်တို့က အဖွဲ့ဝင်အင်အားစုအနေနဲ့ ပါဝင်လှုပ်ရှားနေတာမျိုးရှိတယ်။
မေး – စစ်ကောင်စီဟာ အရင်ကလည်းရွေးကောက်ပွဲလုပ်မယ်ဆိုပြီး တောက်လျှောက်ပြောခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်ကတော့ ဘယ်လိုပုံစံ၊ ဘယ်လိုစနစ်တွေနဲ့ လုပ်မယ်ဆိုတာကအစ ထုတ်ပြောလာတယ်။ စစ်ကောင်စီဟာ ဘာကြောင့်ရွေးကောက်ပွဲလုပ်ဖို့ အခုလိုရတဲ့နည်းနဲ့ ကြိုးပမ်းနေတယ်လို့ထင်လဲ။
ဖြေ – တကယ်တော့ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူ့မှာ လုပ်နိုင်တဲ့အနေအထားတွေရှိတယ်၊ လုပ်နိုင်တဲ့အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေအရ စိတ်ဆန္ဒရှိတယ်ဆိုရင် လုပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။ ဘာလို့ဆို သူ့ရဲ့ သန်းခေါင်စာရင်း ထုတ်ပြန်ချက်တွေအရ ရာခိုင်နှုန်းအပြည့် သန်းခေါင်စာရင်းကောက်နိုင်တဲ့မြို့နယ်က ၁၄၅ မြို့နယ်လောက်ရှိတယ်၊ တစိတ်တဒေသကောက်နိုင်တဲ့မြို့နယ်က ၁၂၇ မြို့နယ်လောက်ရှိတယ်လို့ သူတို့ထုတ်ပြန်ထားတာရှိတယ်။ စစ်ကောင်စီကရွေးကောက်ပွဲလုပ်ရင်ပြည်သူလူထုကို အကြပ်ကိုင်ပြီးတော့ မဲပေးခိုင်းလို့ရတဲ့ အခြေအနေတွေလည်းရှိနေတယ်။ ဘာလို့ တော်လှန်ရေး ၄ နှစ်တာကာလမှာ မလုပ်နိုင်ဘူးလဲဆိုတော့ သူကိုယ်တိုင်က လုပ်မယ့်စိတ်ဆန္ဒမရှိဘူးလို့ မြင်တယ်။ အခုအချိန်မှာ ဘာလို့ ရွေးကောက်ပွဲကို တောက်လျှောက်ပြောလာလဲဆိုရင် သူ့ကိုပံ့ပိုးချင်တဲ့အိမ်နီးချင်နိုင်ငံတွေ စစ်တပ်ရဲ့အာဏာတည်မြဲမှုကို အသိအမှတ်ပြုချင်တဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်တို့ ထိုင်းတို့လိုနိုင်ငံတွေက ရွေးကောက်ပွဲလုပ်မှ နိုင်ငံရေးအရ တရားဝင်ပံ့ပိုးလို့ရမယ်ဆိုတဲ့အနေအထားရှိတယ်လို့ သုံးသပ်ပုံရတယ်။ ပြီးတော့ သူ့ရဲ့ မိတ်ရင်းဆွေရင်းနိုင်ငံတွေကနေ ဖိအားတွေလည်းရှိမယ်လို့မြင်တယ်။ ဒါကြောင့်အခုလို ဘယ်အချိန်မှာဘယ်လိုလုပ်မယ်လို့ ပြောလာတာဖြစ်တယ်။
မေး – တနင်္သာရီတိုင်းအတွင်းမှာရော ဘယ်လိုနေရာတွေမှာရွေးကောက်ပွဲလုပ်လာနိုင်လဲ၊ ဘယ်နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်လဲ။
ဖြေ – ကျနော်တို့ တနင်္သာရီအနေနဲ့က လက်ရှိစစ်ရေးအခြေအနေက တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီကလည်း ဆယ်ကျော်လောက်ရှိတယ်ဗျာ။ ဆိုတဲ့အခါကျတော့ အဲဒီပါတီတွေအနေနဲ့ အလျှင်းသင့်ရင်သင့်သလို လုံခြုံတဲ့နေရာမျိုးမှ လုပ်လာနိုင်တဲ့ အနေအထားတော့ရှိတာပေါ့။ မဲဆွယ်စည်းရုံးရေးတွေ မလုပ်နိုင်ရင်တောင် ရွေးကောက်ပွဲလုပ်နိုင်တဲ့အနေအထားကရှိတယ်။ မြို့ကြီးပြကြီးတွေ၊ အဓိက ခရိုင်မြို့တွေပေါ့ဗျာ သူတို့က စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်။ အဲတော့ သူတို့ထိန်းချုပ်နိုင်တဲ့နေရာတွေမှာတော့ လုပ်နိုင်တယ်လို့ မြင်တယ်။
မေး -စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားတာမျိုးရှိလဲ။ ပြည်သူတွေအနေနဲ့ရော ဘာတွေပြင်ဆင်ထားသင့်လဲ။
ဖြေ – ကျနော်တို့ကော်မတီအနေနဲ့ကျတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ကျနော်တို့ တောက်လျှောက်လှုပ်ရှားနေတာဖြစ်တယ်။ အခုမှလည်းမဟုတ်ဘူး။ တော်လှန်ရေးအစောပိုင်းကာလတွေ ကတည်းက စစ်ကောင်စီကလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတဲ့ မူဝါဒနဲ့အညီ ကျနော်တို့ လှုပ်ရှားနေတာဖြစ်တယ်။ အဲ့တော့ ပြည်သူလူထုအနေနဲ့က စစ်ကောင်စီကလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို မဟာဗျူဟာကျကျ၊ နည်းဗျူဟာကျကျ ဆန့်ကျင်နိုင်ဖို့ဆိုရင် ကျနော်တို့တော်လှန်ရေး အင်အားစုတွေလည်း ဟန်ချက်ညီဖို့လိုတာပေါ့။ ဘယ်လိုအစီအစဥ်တွေနဲ့ စစ်ကောင်စီက လုပ်လာနိုင်တဲ့ နည်းလမ်းတွေကို အခုကတည်းက ကျနော်တို့ ကြိုတင်စဥ်းစားပြီးတော့ ဘယ်လိုဆန့်ကျင်ရမလဲ။ ဘယ်လိုတုံပြန်ရမလဲ ဆိုတဲ့ဟာကို သေသေချာချာလေး ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ခုနကပြောသလိုပဲ။ စစ်ရေးပဋိပက္ခအတွင်းမှာ ကျနော်တို့ ပြည်သူလူထုတွေအကုန်လုံး နေရာအနှံ့အပြားကို ပြန့်ကြဲပြီးရှိနေတာဖြစ်တယ်။ ဥပမာ ထားဝယ်မြို့နယ်မှာဆိုလို့ရှိရင် လောင်းလုံးမြို့နယ်က ပြည်သူတွေလည်း ထားဝယ်မြို့နယ်မှာ စစ်ရှောင်နေတာရှိတယ်။ အဲ့လိုအခြေအနေမျိုးမှာ စစ်ကောင်စီက အတင်းအကြပ်မဲပေးခိုင်းတယ်ဆိုရင် ကျနော်တို့ တုံ့ပြန်ဖို့ အတော်ကိုခက်ခဲတဲ့ အနေအထားမျိုးဖြစ်လာနိုင်တယ်။ အဲ့တော့ အဲ့လိုအခြေအနေမျိုးဖြစ်လာရင် ကျနော်တို့ ဘယ်လိုပြင်ဆင်ထားမလဲ။ ရန်သူက ဘယ်လိုလုပ်လာနိုင်လဲ။ ဘယ်လိုအကန့်အသတ်တွေနဲ့ မဲအတင်းအကြပ်ထည့်ခိုင်းနိုင်လဲဆိုတဲ့ ဟာမျိုး ကြိုတင်စဥ်းစားပြီးတော့ ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။
မေး -ရွေးကောက်ပွဲလုပ်ရင် ဘယ်လိုပုံစံနဲ့လုပ်လာနိုင်လဲ။ တော်လှန်ရေးဘက်က ရွေးကောက်ပွဲကို ဘယ်လိုတုန့်ပြန်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ – ကျနော်တို့ကော်မတီအနေနဲ့ကကျတော့ နိုင်ငံရေးအရ ကွဲပြားတဲ့ အတွေးအခေါ်တွေ အယူအဆတွေကို ဘယ်တော့မှ အကြမ်းဖက်တဲ့နည်းနာတွေနဲ့ မတုံ့ပြန်ဘူးဆိုတဲ့ဟာမျိုး ကျနော်တို့ကော်မတီရဲ့ မူဝါဒမှာရှိတယ်။ အဲ့တော့ ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် စစ်ကောင်စီက အတင်းအကြပ်ရွေးကောက်ပွဲလုပ်လာမယ်ဆိုရင် ကျနော်တို့က လူထုအာဏာကိုတည်ဆောက်ပြီးတော့ပဲ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ် သပိတ်မှောက်ရမယ်ဆိုတဲ့ဟာမျိုးနည်းနာတွေနဲ့ပဲ ကျနော်တို့ကဆန့်ကျင်သွားမယ်ဖြစ်တယ်ပေါ့။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမဲရုံတွေမှာ ဗုံးဖောက်ခွဲတဲ့ဟာမျိုးတွေ၊ ပြည်သူတွေကိုထိခိုက်တဲ့ဟာမျိုးတွေကို ကျနော်တို့ မလိုလားဘူး။ ကျနော်တို့အနေနဲ့ကကျတော့ နိုင်ငံရေးအရပဲ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ ဆန္ဒရှိတယ်ဗျ။
မေး -ရွေးကောက်ပွဲကျင်းပပြီးသွားရင် စစ်ကောင်စီဆန္ဒရှိတဲ့ပါတီနဲ့၊ လူပုဂ္ဂိုလ်တွေကပဲတက်လာနိုင်တယ်၊ ပြီးတော့သူတို့ဟာ နိုင်ငံတကာမှာ ရွေးကောက်ခံအစိုးရပုံစံနဲ့ လုပ်ဆောင်လာနိုင်တယ်လို့ သုံသပ်ကြတာလည်းရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ၊ တစုံတရာ စိုးရိမ်မှုရှိပါလား။
ဖြေ – တကယ်လို့ အာဏာသိမ်းစစ်ကောင်စီကနေပြီးတာ့ ရွေးကောက်ပွဲလုပ်နိုင်မယ် ဆိုလို့ရှိရင် ခုနက ကျနော်ပြောတဲ့ အိမ်နီးချင်းနိုင်ငံတွေပေါ့ဗျာ။ သူ့ကို နိုင်ငံရေးအရ ပံ့ပိုးချင်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်တော့ တော်တော်လေးအဆင်ပြေသွားမဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာပေါ့ဗျာ။ ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရ ဖြစ်တယ်ပေါ့ဗျာ။ အဲ့လိုမျိုးတွေ ဖွဲ့စည်းပုံအခြေခံနဲ့အညီတက်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲကနေပြီးတော့ တက်လာတဲ့အစိုးရကို သူတို့ ထောက်ခံဖို့အတွက် နည်းလမ်းတစ်ခုရသွားမှာပေါ့ဗျာ။ အဲ့တော့ စစ်တပ်က ရွေးကောက်ပွဲ တကယ်လုပ်လာနိုင်မယ်ဆိုလို့ရှိရင် တကယ်ပဲ ရွေးကောက်ပွဲက အထမြောက်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ တော်လှန်ရေးအတွက် ထိခိုက်နစ်နာစရာတွေရှိတယ်။ အဲ့ဒါကဘာလဲဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်ကို ကျနော်တို့က မပိတ်ဆို့ထားနိုင်ဘူးဆိုတဲ့ပုံမျိုးဖြစ်သွားနိုင်တယ်ပေါ့ဗျာ။ ကျနော်တို့မှာ အဆင်းရဲဆုံးကဘာလဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက အိမ်နီးချင်းကောင်းမရှိတဲ့ပြဿနာ။ ဆိုတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်အားကြီးနိုင်ငံတွေ ဆိုလို့ရှိရင် ထားပါတော့ဗျာ၊ အိန္ဒိယတို့ကိုယ်၌ကိုက စစ်ကောင်စီကလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကတက်လာမဲ့ အစိုးရကို အသိအမှတ်ပြုလာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ အဲ့လိုအသိအမှတ်ပြုလာနိုင်တယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ နိုင်ငံတကာကနေ ပိတ်ဆို့ထားတဲ့ Sanction တွေ အဲ့ကိစ္စတွေမှာလည်း စစ်ကောင်စီက အနည်းနဲ့အများ ကျော်လွှားလာနိုင်မယ်ဗျာ။ ပြီးတော့ နောက်တစ်ခုက သူတို့ပြည်သူလူထုနဲ့ အတိုက်အခံ၊ ဒီတော်လှန်ရေးအင်အားစုတွေကို ဆင်နွှဲနေတဲ့စစ်အတွက်လည်း သူတို့အတွက်ကအခွင့်အလမ်းတွေ ပိုရလာနိုင်တယ်လို့ မြင်တယ်။ အဲ့တော့ စစ်ကောင်စီက တကယ်ပဲ ရွေးကောက်ပွဲ လုပ်လာနိုင်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့တော်လှန်ရေးအတွက်၊ ပြည်သူလူထုအတွက်က ဘာမှ ထွေထွေထူးထူး အကျိုးအမြတ်ရနိုင်စရာအကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်က လုပ်မဲ့ရွေးကောက်ပွဲက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက် လုပ်မဲ့ ရွေးကောက်ပွဲမျိုးသာလျှင်ဖြစ်တယ်။
ကိုဝေယံစိုး
(ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)
မေး – စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်အစပိုင်းမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ စီစဥ်နေတယ်ပေါ့နော်။ အဲဒီရွေးကောက်ပွဲအပေါ်မှာ အကိုတို့ရဲ့ သဘောထားဘယ်လိုရှိပါလဲ။
ဖြေ – ပထမဆုံးအနေနဲ့ ကျနော်တို့ ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ သဘောထားတော့မဟုတ်ဘူးပေါ့လေ။ ကျနော်ရဲ့ တစ်သီးပုဂ္ဂလအမြင်ပဲ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ စစ်ခေါင်းဆောင်ကနေပြီး ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်အစမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မယ်လို့ ပြည်တွင်းမှာရော စစ်ခေါင်းဆောင်သွားရောက်လည်ပတ်ခဲ့တဲ့ ရုရှားနိုင်ငံခရီးစဥ်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်လောင်လောင်ထုတ်ပြောလာတာမျိုး ကျနော်တို့ကြားရတယ်ပေါ့လေ။ ရွေးကောက်ပွဲရဲ့ သဘောသဘာဝက အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် ရွေးကောက်ပွဲကိုမဖြစ်မနေ ဖြတ်သန်းရမယ်ဆိုတာ ကျနော်တို့လက်ခံတယ်။ သို့သော် လက်ရှိပကတိနိုင်ငံရေးအခြေအနေအရ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေအရ ရွေးကောက်ပွဲဟာ လက်ရှိ ပကတိ အခင်းအကျင်းအနေအထားတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာ ကျနော်တို့တွေ့ရတယ်။ ဆိုတော့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ စပြီးတော့ လုပ်တဲ့ဟာမျိုးက လက်ရှိပကတိ နိုင်ငံရေးအခြေအနေမျိုးနဲ့ ကိုက်ညီမှုမရှိဘူးပေါ့လေ။ အဓိကကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတာမျိုးထက် လက်ရှိအခြေအနေနဲ့လုံးဝကိုက်ညီမှုမရှိတဲ့အတွက် မလုပ်သင့်သေးဘူးလို့ မြင်တယ်။ လက်ရှိ ကျနော်တို့သိတဲ့အတိုင်းပဲ တဖက်မှာလည်း လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေတွေကိုလည်း ကျနော်တို့အားလုံးပြန်သုံးသပ်ကြည့်ဖို့လိုအပ်မယ်လို့ ကျနော်ထင်ပါတယ်။ အထူးသဖြင့်စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကတော့ တကယ်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကို သူ့အနေနဲ့ ကျော်လွှားချင်တယ်။ ပြီးတော့ နိုင်ငံတကာမှာ တရားဝင်မှုပိုပြီးတော့ရချင်တယ်။ နောက်တစ်ခုက စစ်အုပ်စုအနေနဲ့ နိုင်ငံရေးမှာ တောက်လျှောက်ပါဝင်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့လေ။
မေး – စစ်ကောင်စီဟာ အရင်ကလည်းရွေးကောက်ပွဲလုပ်မယ်ဆိုပြီး တောက်လျှောက်ပြောခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်ကတော့ ဘယ်လိုပုံစံ၊ ဘယ်လိုစနစ်တွေနဲ့ လုပ်မယ်ဆိုတာကအစ ထုတ်ပြောလာတယ်။ စစ်ကောင်စီဟာ ဘာကြောင့်ရွေးကောက်ပွဲလုပ်ဖို့ အခုလိုရတဲ့နည်းနဲ့ ကြိုးပမ်းနေတယ်လို့ထင်လဲ။
ဖြေ – စစ်ကောင်စီက လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ သူတို့ လက်ရှိကြုံနေရတဲ့ အကြပ်အတည်းကိုကျော်လွှားချင်တယ်။ ပြီးတော့ နိုင်ငံတကာမှာ တရားဝင်မှုကိုရချင်တယ်။ နောက်တစ်ခုကတော့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးမှာ တောက်လျှောက်ပါဝင်သွားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ် လို့ ကျနော်ကတော့ မြင့တယ်ပေါ့လေ။
မေး – တနင်္သာရီတိုင်းအတွင်းမှာရော ဘယ်လိုနေရာတွေမှာရွေးကောက်ပွဲလုပ်လာနိုင်လဲ၊ ဘယ်နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်လဲ။
ဖြေ – တနင်္သာရီတိုင်းအတွင်းမှာ ဘယ်နေရာတွေမှာ လုပ်လာနိုင်လဲ၊ ဘယ်နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်လဲ ဆိုတာကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့တနင်္သာရီတိုင်းမှာဆိုရင် သန်းခေါင်စာရင်းကောက်ထားတဲ့ နေရာတွေကို ကျနော်တို့ ပြန်ကြည့်ရမှာပေါ့လေ။ သူတို့ သန်းခေါင်စာရင်းကောက်ထားတဲ့နေရာတွေ အထူးသဖြင့် သူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေမှာ ပေါ့လေ။ သေချာတယ် ကျေးလက်ဒေသတွေမှာကတော့ ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ မြင်တယ်ပေါ့လေ။ နိုင်ငံရေးပါတီအနေနဲ့ ပြန်ကြည့်ရင် ကျနော်တို့ဘက်မှာ လက်ရှိ စစ်ကောင်စီမှာ မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒေသအခြေပြုပြီးတော့ စစ်ကောင်စီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကတော့ မရှိဘူးလို့ပြောလို့ရတယ်။ အဓိကကတော့ ပြည်ထောင်စုအဆင့်နဲ့ ပြိုင်မယ်ဆိုပြီးပြောထားတဲ့၊ စစ်ကောင်စီမှာမှတ်ပုံတင်ထားတဲ့ ပါတီတွေကတော့ ပါလာနိုင်တာပေါ့။
မေး – စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားတာမျိုးရှိလဲ။ ပြည်သူတွေအနေနဲ့ရော ဘာတွေပြင်ဆင်ထားသင့်လဲ။
ဖြေ – အထူးသဖြင့်ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတယ်ဆိုတာမျိုးထက် အဓိကကတော့ ပြည်သူလူထုပါပဲ။ ပြည်သူလူထုကနေပြီးတော့ လက်ရှိစစ်အုပ်စုပေါ်မှာ အယုံအကြည်မရှိဘူး ဆိုတဲ့ဟာက ကျနော်တို့ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဆိုတဲ့ဟာထက် ရွေးကောက်ပွဲအပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒဖြစ်တယ်ပေါ့လေ။ အထူးသဖြင့် ပြည်သူလူထုကလည်း နားလည်ပြီးသားဖြစ်တယ်ပေါ့လေ။ စစ်ကောင်စီက ကျင်းပလာမဲ့ ရွေးကောက်ပွဲအပေါ်မှာလည်း ပြည်သူလူထုက စိတ်ပါဝင်စားမှုရှိမှာ မဟုတ်သလို မဲပေးမှာလည်း မဟုတ်ဘူးဆိုတာမျိုး ကျနော်ကတော့ ယုံထားတယ်ပေါ့နော်။
မေး – ရွေးကောက်ပွဲလုပ်ရင် ဘယ်လိုပုံစံနဲ့လုပ်လာနိုင်လဲ။ တော်လှန်ရေးဘက်က ရွေးကောက်ပွဲကို ဘယ်လိုတုန့်ပြန်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ – ရွေးကောက်ပွဲလုပ်တဲ့ ပုံစံတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့လေ။ နိုင်သူအကုန်ယူစနစ်လား၊ ပီအာစနစ်လား၊ မဟုတ်ဘူးဆိုရင် နှစ်ခုရောပြီးတော့ လုပ်ထားတဲ့ ဟာမျိုးလားဆိုတာ။ ဒီဟာတွေကလည်း လက်ရှိစစ်ခေါင်းဆောင်ပြောနေတဲ့ ရွေးကောက်ပွဲပုံစံတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် သူတို့လုပ်နေတဲ့ ပုံစံတွေကလည်း ထင်သာမြင်သာရှိတယ်ပေါ့လေ။ သူတို့ဘယ်လိုပုံစံနဲ့သွားမလဲဆိုတဲ့ဟာမျိုးကလည်း အခုထက်ထိတော့ တိတိပပပြောထားတာမျိုးတော့ မရှိဘူးပေါ့လေ။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်လာနိုင်လဲဆိုရင် အရှေ့မှာပြောသွားသလိုပေါ့။ သူတို့ထိန်းချုပ်ထားတဲ့ နေရာတော်တော်များများမှာ လုပ်လာနိုင်တယ်ပေါ့လေ။ နောက်တစ်ခုက ဘာလဲဆိုတော့ တစ်နိုင်ငံလုံးကျင်းပတာမျိုးမဟုတ်ဘဲ နေရာတွေ အချိန်တွေကို သတ်မှတ်ပြီးတော့ ခွဲပြီးတော့ လုပ်လာနိုင်တယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့လေ။ တော်လှန်ရေးဘက်ကနေ ရွေးကောက်ပွဲကို ဘယ်လိုမျိုးတုံပြန်သင့်လဲဆိုတော့ အထူးသဖြင့် ရှေ့မှာကျနော် ပြောခဲ့သလိုပါပဲ။ ပြည်သူလူထုကိုယ်၌ကိုက ရွေးကောက်ပွဲမှာ စိတ်ပါဝင်စားမှုမရှိဘူး။ နောက်တစ်ခုက ဘာလဲဆိုရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ထောက်ခံမှုမရှိဘူးဆိုလို့ရှိရင် ကျနော်တို့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက လက်ခံရမယ့်သဘောပေါ့လေ။ သီးသန့်ကြီး တုံံ့ပြန်တယ်ဆိုတာမျိုးထက်ပေါ့လေ။
မေး – အဲဒီရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ တော်လှန်ရေးမှာ အပြောင်းအလဲတွေ၊ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လား။ ဘာကြောင့်ပါလဲ။
ဖြေ – လက်ရှိရွေးကောက်ပွဲက ကျနော်မြင်တာကျတော့လေ အပြောင်းအလဲဆိုတာထက် ပြည်သူလူထုအချင်းချင်းကြားထဲမှာရော၊ မြန်မာနိုင်ငံမှာရှိတဲ့ အစုအဖွဲ့တွေကြားထဲမှာရော ပဋိပက္ခတွေကို ပိုပြီးတော့ ဆိုးရွားသွားစေနိုင်တယ်လို့ ကျနော်ကတော့ မြင်တယ်။ စစ်တပ်ကလည်း သိတဲ့အတိုင်းပဲ ပြည်သူလူထုကို နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်တယ်ဆိုတဲ့ဟာမျိုးက အခုထက်ထိလည်း ကျင့်သုံးနေတုန်းဖြစ်တယ်။ စစ်ကောင်စီကတော့ ဒီနည်းလမ်းကို ခွဲပြီတော့အုပ်ချုပ်တဲ့ ပုံစံမျိုးကို ကျင့်သုံးသွားမယ်လို့တော့ ကျနော်ကတော့မြင်တယ်။
မေး – ရွေးကောက်ပွဲကျင်းပပြီးသွားရင် စစ်ကောင်စီဆန္ဒရှိတဲ့ပါတီနဲ့၊ လူပုဂ္ဂိုလ်တွေကပဲတက်လာနိုင်တယ်၊ ပြီးတော့သူတို့ဟာ နိုင်ငံတကာမှာ ရွေးကောက်ခံအစိုးရပုံစံနဲ့ လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ကြတာလည်းရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ၊ တစုံတရာ စိုးရိမ်မှုရှိပါလား။
ဖြေ – နောက်ဆုံးမေးခွန်းကကျတော့ Legitamacy တရားဝင်မှုပြဿနာပေါ့နော်။ စစ်ကောင်စီဘက်ကတွက်တာကလည်း ဘယ်လိုမျိုးလဲ ဆိုလို့ရှိရင် ရွေးကောက်ပွဲလုပ်နိုင်မယ်၊ အစိုးရဖွဲ့လိုက်မယ်၊ ၂၀၁၀ တုန်းကလို ပုံစံမျိုးပေါ့လေ။ ရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုလို့ရှိရင် အစိုးရဖွဲ့ပေါ်လာမယ်။ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမယ်။ Sanction တွေ လျော့သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တွက်တယ်လို့ ကျနော်က မြင်တယ်ပေါ့လေ။ ဆိုတော့ လက်ရှိ ကမ္ဘာကြီးရဲ့ အခင်းအကျင်းက ပြောင်းသွားပြီလို့မြင်တယ်။ နောက်တစ်ခုက ပြည်တွင်း အခြေအနေကလည်း အဲ့တုန်းက အခြေအနေတွေနဲ့ လုံးဝကွာခြားမှုရှိသွားပြီလို့ ကျနော်မြင်တယ်။ ဆိုတော့ အထူးသဖြင့် ပြည်တွင်းရဲ့ အားကပဲ အဆုံးအဖြတ်ပေးလေ့မယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့လေ။ နိုင်ငံတကာက ဘယ်လောက်ပဲ အသိအမှတ်ပြုနေပါစေ ပြည်တွင်းမှာက ညီညွှတ်မှု တကယ်ပြည်သူလူထုလိုအပ်တဲ့ နိုင်ငံရေးစိတ်ဆန္ဒကို မဖော်ဆောင်နိုင်တဲ့ အစိုးရက ရုပ်ပြအစိုးရတစ်ခုအနေနဲ့ပဲ ရှိနေမယ်လို့ ကျနော်ကတော့ မြင်တယ်။
The Tanintharyi Times