လောင်းလုံးမြိုပေါ် တိုက်ပွဲကို လေကြောင်းကပစ်ကူပေးဖို့ စစ်တပ်လော်ဘီတွေ လှုံဆော်နေ
လောင်းလုံးမြိုပေါ် တိုက်ပွဲကို လေကြောင်းကပစ်ကူပေးဖို့ စစ်တပ်လော်ဘီတွေ လှုံဆော်နေ
လောင်းလုံးမြို့ပေါ်က နေရာအများအပြားမှာ ဒီနေ့မနက်စောစောပိုင်းကစလို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေပြီး တိုက်ပွဲဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲလောက်ကစလို့ မြို့ပေါ်က စစ်ကောင်စီတပ်သားတွေရှိတဲ့ ရဲစခန်း၊ စရဖရုံးနဲ့ ဂိတ်စခန်းတွေဘက်မှာ ပစ်ခတ်သံတွေထွက်ပေါ်နေတာပါ။ မြို့ခံတွေကတော့ မြို့ပေါ်ကစစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာလို့ဆိုပါတယ်။
“အခုထိပစ်နေကြတုန်းပဲ။ လုံးဝမငြိမ်သေးဘူး” လို့လောင်းလုံးမြို့ခံတစ်ဦးက ဒီနေ့မနက် ၁၀ နာရီခွဲမှာ ပြောပါတယ်။
လောင်းလုံးမှာပစ်ခတ်သံတွေထွက်ပေါ်နေချိန် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ ကာစတန်ဆိပ်ကမ်းအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအထိုင်ချပြီး လောင်းလုံးမြို့ဘက်ကို အချက်ရေဆယ်နဲ့ချီပစ်ခတ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
လောင်းလုံးမြို့ဝန်းကျင်တဝိုက်လုံးကိုလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာမို့ ပြည်သူတွေ ထိခိုက်မှုရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် လောင်းလုံးမြို့ခံတချို့နီးစပ်ရာ တိမ်းရှောင်နေကြပေမဲ့ အများစုကတော့ အိမ်တွေထဲမှာပဲပုန်းအောင်းနေကြတယ်လို့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ လောင်းလုံးမြို့ကို KTLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ဖို့ ဒီနေ့မနက်ပိုင်းမှာ လှုံ့ဆော်ရေးသားနေကြပါတယ်။
ဒေသခံတွေပြောပြချက်အရလည်း အခုမနက် ၈ နာရီလောက်မှာ မင်းရပ်ရွာဘက်ကနေ မြေတင်ကားနှစ်စီးအပြည့်နဲ့ရောက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့ဘက်ကို တောလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။
The Tanintharyi Times
