အမြန်ရေယာဉ်ရပ်နားထားလို့ တနင်္သာရီဒေသခံတွေ အခက်အခဲတွေ့နေ

အမြန်ရေယာဉ်ရပ်နားထားလို့ တနင်္သာရီဒေသခံတွေ အခက်အခဲတွေ့နေ

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကနေ မြိတ်မြို့ကိုပြေးဆွဲနေတဲ့ ခရီးသည်တင်အမြန်ရေယာဉ် ရပ်နားထားတာ တစ်လနီးပါးရှိနေပြီမို့ ရေလမ်းကိုအားထားနေရတဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

အမြန်ရေယာဉ်ကို အဓိကသုံးပြီး သွားလာနေကြသူတွေက ကုန်းလမ်းမပေါက်ဘဲ ရေလမ်းသာရှိတဲ့ ပဝ၊ လယ်သစ်၊ သာရဖုံ စတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေပဲ ဖြစ်ပါတယ်။

အခုလဒုတိယအပတ်ကစပြီး အမြန်ရေယာဉ်ပြေးဆွဲတာ ရပ်နားလိုက်တာဖြစ်ပြီးဘာကြောင့် ရပ်နားလိုက်တယ် ဆိုတာကိုတော့ ဒေသခံတွေ မသိရှိကြပါဘူး။

“လွယ်လွယ်နဲ့သွားလာမရဘူး။ အခုဆို ပဝကနေ မော်တုန်းကူး သွားလာနေရတယ်။ စရိတ်လည်းများ၊ သွားလာရပင်ပန်းတယ်။” လို့ ပဝရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ရေလမ်းသာရှိတဲ့ ကျေးရွာအုပ်စုနေသူတွေဟာ ကုန်းလမ်းကနေသွားဖို့အတွက် တနင်္သာရီမြစ်ရဲ့တစ်ဖက်မှာရှိတဲ့‌ မော်တုံးရွာကို လှေနဲ့တဆင့်ကူးပြီးမှသာ ကားစီးပြီး သွားနေရတယ်လို့ သိရပါတယ်။

အမြန်ရေယာဉ်နဲ့သွားရင် လူတစ်ဦးကို အသွားအပြန်စာရိတ် နှစ်သောင်းကျပ်နဲ့ အချိန်နှစ်နာရီခန့်သာပေးရပေမယ့် အခုတော့ ကုန်းလမ်းကသွားရင် အနည်းဆုံးသုံးသောင်းထက်မနည်းကုန်ကျကာ လမ်းမှာကားက ကုန်တင်ကုန်ချရပ်နားတာတွေကြောင့် အချိန်လည်းပိုကြာပြီး ပိုပင်ပန်းတယ်လို့ ပဝရွာခံအမျိုးသမီးက ရှင်းပြပါတယ်။

ပဝရွာခံ ကျောင်းဆရာတစ်ဦးကလည်း “ကားနဲ့သွားတာက (စစ်ကောင်စီစစ်ဆေးရေး)ဂိတ်တွေလည်းများတယ်။ လုံခြုံရေးကလည်း အာမမခံနိုင်ဘူး။ အန္တရာယ်အရမ်းများတယ်။” လို့ ပြောပါတယ်။

အမြန်ယာဉ်နဲ့သွားရင်လည်း စစ်ဆေးခံရတာတွေရှိပေမယ့် ကားထက်ပိုစိတ်ချရတယ်လို့ အဆိုပါကျောင်းဆရာက ဆက်ပြောပါတယ်။

မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာကို ရေလမ်းကသွားလာရင် စစ်ကောင်စီကင်းစခန်းရှိတဲ့ ကျွန်းစုမြို့နယ်ပိုင် မင်းဂုတ်နဲ့ မောင်းလှော်ရွာတွေကို ဖြတ်ရတာဖြစ်ပြီး အဲဒီကင်းစခန်းနှစ်ခုစလုံးမှာ အမြန်ယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေနဲ့ ပစ္စည်းထုပ်တွေ စစ်ဆေးခံရတာမျိုးရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မြိတ်မြို့ကနေ ပဝကျေးရွာ ပြေးဆွဲနေတဲ့အမြန်ရေယာဉ်ခရီးစဉ်ဟာ ပဝကျေးရွာကနေ မနက် ၇ နာရီစထွက်ပြီး မြိတ်မှာတစ်ရက်အိပ်ကာ နောက်တစ်နေ့မနက် ၉ နာရီမှ မြိတ်မြို့က ပြန်လည်ထွက်ခွါတာပါ။ စစ်အာဏာမသိမ်းခင်ကတော့ တစ်ရက်တည်း အသွားအပြန်ခရီးစဉ်ရှိတယ်လို့ သိရပါတယ်။

ရပ်နားထားတဲ့ အမြန်ရေယာဉ်ခရီးစဉ်ကို ဘယ်နေ့မှာပြန်ပြေးဆွဲမယ်ဆိုတာမျိုး တာဝန်ရှိသူတွေဘက်က အတိအလင်းကြေညာထားတာမျိုး အခုထိတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းလမ်းကနေ သွားလာရခက်ခဲတဲ့ ဒေသခံတွေကကတော့ အမြန်ရေယာဉ်ပြန်လည်ပြေးဆွဲပေးဖို့ မျှော်လင့်နေကြပါတယ်။

The Tanintharyi Times