အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေး ၁၈ ဦး သေဆုံးခဲ့တယ်လို့ဆို
အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေး ၁၈ ဦး သေဆုံးခဲ့တယ်လို့ဆို
အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုးကို သောက်ပြီး ကလေးငယ် ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဥဇဘက်ကစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
Marion Biotech ဆိုတဲ့ အိန္ဒိယ ဆေးကုမ္ပဏီက ထုတ်တဲ့ Dok-1 Max ချောင်းဆိုးပျောက်ဆေးကို ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့ အခါမှာ ethylene glycol လို့ခေါ်တဲ့ အဆိပ်သင့် ဓာတ်ပေါင်းတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ကလေးတွေဟာ Dok-1 Max ချောင်းဆိုးပျောက်ဆေးရည်ကို ဆရာဝန် ညွှန်ကြားချက် မပါဘဲ တိုက်ကျွေးခံခဲ့ကြရတာဖြစ်ပြီး သောက်မိတဲ့ ဆေးပမာဏဟာလည်း ကလေးတစ်ဦးအတွက် သင့်တော်တဲ့ ပမာဏထက် ပိုနေတယ်လို့ သိရပါတယ်။
“သေဆုံးသွားတဲ့ ကလေးတွေဟာ ဆေးရုံမတက်ခင်မှာ ဒီဆေးကို အိမ်မှာ ၂ ရက်ကနေ ၇ ရက်အထိ၊ တစ်နေ့ ၃-၄ ကြိမ်၊ ၂.၅ မီလီလီတာကနေ ၅ မီလီလီတာ ပမာဏ သောက်ခဲ့ပြီး ကလေးတွေအတွက် သင့်လျော်တဲ့ စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့တယ်” လို့ ဥဇဘက်ကစ္စတန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေးအများစုဟာ အသက် ၅ နှစ်အောက် အရွယ်တွေ ဖြစ်ကြပြီး ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကျောက်ကပ်ပျက်စီးကာ အသက်ဆုံးရှုံးခဲ့ကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်ပြီး ကလေးငယ် ၆၆ ဦး ဂမ်ဘီယာမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန် သတိပေးခဲ့ပါသေးတယ်။
ဥဇဘက်ကစ္စတန် ကလေးငယ်တွေ သေဆုံးတဲ့ သတင်း ထွက်လာပြီးနောက်မှာတော့ ဆေးကုမ္ပဏီ Marion Biotech က ချောင်းဆိုးပျောက်ဆေးရည်တွေ ထုတ်လုပ်မှုကို ယာယီ ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။
Dok-1 Max ဆေးပြားနဲ့ ဆေးရည်တွေကို ဥဇဘက်ကစ္စတန်မှာ ၂၀၁၂ ခုနှစ်ကတည်းက တင်သွင်း ရောင်းချနေတာလို့ သိရပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့လူသုံးဆေးဝါးတွေရဲ့ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးနေတာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အများစုဟာ အိန္ဒိယထုတ် ဆေးဝါးတွေကို အဓိက အားထားသုံးစွဲနေကြတာပါ။
ကိုးကား – ဘီဘီစီ
The Tanintharyi Times
