အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ပြင်နေတဲ့ ICC ဆိုတာ ဘာလဲ

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ပြင်နေတဲ့ ICC ဆိုတာ ဘာလဲ

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ အကြမ်းဖက် ဖိနှိပ်၊ သတ်ဖြတ်ခံခဲ့ရတဲ့ ကာလတွေ မတိုင်ခင်ကဆိုရင် ICC ဆိုတာကို မြန်မာပြည်သူအများစု ဂဃနဏ မသိရှိကြပါဘူး။ အခုတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ကြောင့် ICC က ဘာလဲဆိုတာကို သိလာကြပြီလို့ ပြောရပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးသွားရတာနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ အဓိက တာ၀န်ရှိသူ ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ အခုတော့ ဖမ်းဝရမ်းထုတ်ခွင့်ကိုပါ လျှောက်ထားလိုက်ပါပြီ။

ဒါကြောင့် တရားစွဲဆိုဖို့ အမှုတင်သွင်းခွင့်ပြုခဲ့တဲ့ ICC ဆိုတာ ဘာလဲ၊ ဘာတွေလုပ်ဆောင်သလဲ၊ ဘာတွေ ဆောင်ရွက်ခဲ့သလဲ၊ စိန်ခေါ်မှုတွေက ဘာတွေရှိနေသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

  • ICC

ICC ဆိုတာ International Criminal Court ကိုအတိုကောက်သုံးနှုန်းတာ ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးလို့လည်း ခေါ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း စိုးရိမ်စရာ အဆိုးရွားဆုံး ရာဇဝတ်မှုတွေအတွက် လူတဦးချင်းစီကို တရားစွဲဆိုဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာတရားရုံးတခုပါ။

၁၉၉၈ ခုနှစ် Rome Statute စာချုပ်အရ ICC ကို ၂၀၀၂ ခု၊ ဇူလိုင်လ ၁ ရက်မှာ စတင်ထူထောင်ခဲ့ပြီး တရားရုံးဌာနချုပ်ဟာ နယ်သာလန်နိုင်ငံ The Hugue(ဟိတ်) မြို့မှာ ရှိပါတယ်။

  • အဖွဲ့ဝင်နိုင်ငံတွေ

ICC အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၄ နိုင်ငံ ရှိပါတယ်။

အာဖရိက က ၃၃ နိုင်ငံ၊ အာရှ-ပစိဖိတ်က ၁၉ နိုင်ငံ၊ အရှေ့ဥရောပက ၁၉ နိုင်ငံ၊ လက်တင်အမေရိကနဲ့ ကရေဘီယံက ၂၈ နိုင်ငံ၊ အနောက်ဥရောပနဲ့ အခြားနိုင်ငံတွေက ၂၅ နိုင်ငံ တို့ ပါဝင်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အစ္စရေးနိုင်ငံတွေကတော့ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် မပါပါဘူး။

အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားတနိုင်ငံတည်းပဲ ICC အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မြန်မာနိုင်ငံဟာလည်း အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။

ICC အဖွဲ့ဝင်နိုင်ငံတွေဟာ ဖမ်းဆီးဖို့အလိုရှိသူတစ်ဦး သူတို့နိုင်ငံထဲကိုရောက်လာမယ်ဆိုရင် ဖမ်းဝရမ်းထုတ်ဖို့ တရားဝင်ကတိပြုထားကြပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတိုင်းဟာ အဲဒီကတိကို မလိုက်နာကြပါဘူး။

နမူနာဖြစ်စဉ်တစ်ခုကို ပြရရင် ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ပူတင်ဟာ ယခုနှစ် စက်တင်ဘာလအတွင်းမှာပဲ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မွန်ဂိုးလီးယားနိုင်ငံကို သွားရောက်ခဲ့တာ ရှိပါတယ်။

  • စီရင်ခွင့်ရှိတဲ့ ရာဇဝတ်မှုတွေ

ICC ဟာ ရာဇဝတ်မှု ၄ မျိုးအပေါ် တရားစီရင်ပိုင်ခွင့်ရှိပါတယ်။

(၁) လူမျိုးရေး ဒါမှမဟုတ် ဘာသာရေး အုပ်စုတခုလုံးကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊

(၂) လူသတ်မှု၊ ကျွန်ပြုမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ အသားရောင်ခွဲခြားမှု စတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ

(၃) အရပ်သားတွေ ပစ်မှတ်ထားခြင်း၊ ကလေးစစ်သားတွေ အသုံးပြုခြင်း ဒါမှမဟုတ် တားမြစ်ထားတဲ့ လက်နက်တွေ အသုံးပြုခြင်းစတဲ့ စစ်ဥပဒေတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေ

(၄) တခြားနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးအရ သိမ်းပိုက်တာမျိုးလို ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ အပေါ် တရားစီရင်ပိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။

  • ICC ရဲ့ ဆောင်ရွက်ချက်တွေ

ICC က စတင်တည်ထောင်ချိန်ကနေ ယခုအချိန်အထိ သက်တမ်းတလျှောက် ဖမ်းဝရမ်း ၅၉ ခု ထုတ်ထားပါတယ်။

ဖမ်းဝရမ်းထုတ်ထားတဲ့အထဲကမှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရာဇဝတ်မှု ကျူးလွန်သူ ၂၁ ဦးကို ICC ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တရားစွဲဆိုခံရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ၃၀ လောက်ဟာ အဖမ်းမခံရသေးဘဲလွတ်မြောက်နေပါသေးတယ်။

ဖမ်းဝရမ်းထုတ်ထားတဲ့အထဲက ၇ ဦးကတော့ သေဆုံးခဲ့ပြီ ဖြစ်လို့ ဖမ်းဝရမ်း ပယ်ဖျက်ခဲ့ပါတယ်။ ICC ဟာ စွဲဆိုခဲ့တဲ့ အမှုတွေထဲကမှ အမှု ၄ မှုကို တရားသေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ICC ရဲ့ ဆောင်ရွက်ချက်ကို ကြည့်ရင် ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသူတွေရဲ့ ၅၀ ရာခိုင်နှုန်းအောက်ပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။

ICC ရဲ့ ဖမ်း၀ရမ်းထုတ်ခံထားရသူတွေထဲမှာ ထင်ရှားတဲ့ ရုရှားသမ္မတ၊ အစ္စရေးဝန်ကြီးချုပ်၊ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း၊ ဟားမတ်စ်ခေါင်းဆောင်တို့ ပါဝင်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဖမ်းဝရမ်းထုတ်ခံရတာကို အမေရိကန်နိုင်ငံက အပြင်းအထန် ကန့်ကွက်ထားပါတယ်။

  • ICC နဲ့ မြန်မာက အာဏာသိမ်းစစ်ခေါင်းဆောင်

ရခိုင်ပြည်နယ်မှာ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ကာလတွေအတွင်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်ခဲ့တာ၊ မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရတာ၊ ရွာလုံးကျွတ် မီးရှို့မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ICC မှာ တရားစွဲဆိုခံထားရပါတယ်။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်မှုကို သက်ရောက်ခံခဲ့ရတဲ့ ဘင်္ဂလားဒေရှ်ဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်နိုင်ဖို့ ICC က လက်ခံခဲ့တာပါ။

အခုလ ၂၇ ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေက လျှောက်ထားလိုက်ပါပြီ။

  • ဖမ်းဝရမ်းထုတ်ခံရရင် ဘာဖြစ်နိုင်လဲ

ICC ရှေ့နေရဲ့ လျှောက်ထားမှု အောင်မြင်ပြီဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံက ပထမဦးဆုံး ဖမ်းဝရမ်းထုတ်ခံရသူတဦး ဖြစ်လာမှာပါ။

ဖမ်းဝရမ်းထုတ်ခံခဲ့ရလို့ နိုင်ငံရေးအရ ဖိအားတချို့ ရှိလာမှာ မှန်ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖမ်းဝရမ်းကို သိပ်စိုးရိမ်မှာ မဟုတ်ပါဘူး။ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ နိုင်ငံကြီးတွေက ICC အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ICC ကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခဲ့ရင် သူ့အတွက် စိုးရိမ်စရာမရှိပေမယ့် နိုင်ငံတကာအလယ်မှာ နိုင်ငံရေးအရ သိက္ခာကျမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဖမ်းဝရမ်းထုတ်ခံထားရသူကို နိုင်ငံတကာက လူရာသွင်းဆက်ဆံမှာ မဟုတ်တော့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံတကာဆက်ဆံရေးတွေမှာ အခုထက်ပိုပြီး အကန့်အသတ်တွေ ရှိလာပါလိမ့်မယ်။

  • ICC ရဲ့ စိန်ခေါ်မှုတွေ

ICC မှာ စိန်ခေါ်မှု အချို့ ရှိနေပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား တို့အပါအဝင် နိုင်ငံအချို့ဟာ ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး ရာဇဝတ်မှုကျူးလွန်တဲ့ တရားခံတွေကို ဖမ်းဆီးရာမှာ အခက်အခဲဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ရှိနေခြင်း၊ ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ငွေကြေးနဲ့ လူစွမ်းအားအရင်းအမြစ် အကန့်အသက်ရှိခြင်းတွေဟာလည်း ICC အတွက် စိန်ခေါ်မှုတခု ဖြစ်စေပါတယ်။

ICC ဟာ တရားမျှတမှုနဲ့ လူ့အခွင့်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ ကတိကဝတ်တွေကို ထင်ဟပ်စေမယ့် အဖွဲ့အစည်းတခုအဖြစ် ရှိနေရမှာ ဖြစ်ပါတယ်။

The Tanintharyi Times