မြိတ်က ဒေသခံငါးဦးကို စစ်ကောင်စီစစ်ကြောင်းဖမ်းဆီး

မြိတ်က ဒေသခံငါးဦးကို စစ်ကောင်စီစစ်ကြောင်းဖမ်းဆီး

ပုံစာ - မဇော‌ကျေးရွာအုပ်စု၊ ဘန်မဲရွာ လမ်းပိုင်းတစ်နေရာ။

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဘန်မဲရွာဒေသခံငါးဦးကို စစ်ကြောင်းနဲ့အတူဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညပိုင်းမှာ တုံးဗျောကြီးရွာက စစ်ကောင်စီတပ်သားအင်အား ၉၀ ကျော်ဟာ မဇောကျေးရွာအုပ်စု၊ ဘန်မဲရွာဘက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘန်မဲရွာဟောင်းက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့တာပါ။

ဘန်မဲရွာဟောင်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခုံမော်ရွာကိုဖြတ်ပြီး သကန်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားတဲ့ ဘန်မဲရွာခံ ၅ ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်နေတယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေက ဆိုပါတယ်။

“ဥယျာဥ်တွေထဲရှောင်နေကြတဲ့သူတွေ စစ်ကြောင်းအခြေအနေကို သွားချောင်းချိန်မှာ အရပ်ဝတ်နဲ့ ယောင်္ကျားနှစ်ယောက်၊ မိန်းမသုံးယောက်ပါလာတုန်းပဲလို့ အတည်ပြုပြောပြတယ်” လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ဦးက ဘန်မဲရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းမြင့်ဆိုသူဖြစ်ပြီး ဥယျာဥ်ခြံထဲမှာ ညအိပ်စောင့်နေချိန် အဖမ်းခံရတာဖြစ်တယ်လို့ ဘန်မဲရွာခံတွေက ပြောပါတယ်။

“ သူတယောက်တည်း ခြံမှာ ညဘက်ကျန်ခဲ့တာလေ။ မနက်ခင်းမိသားစုတွေ ခြံထဲဝင်ကြမှ သူပျောက်နေလို့ လိုက်ရှာနေရင်း စစ်ကြောင်းနဲ့ ပါသွားမှန်းသိရတာ” လို့ ဘန်မဲရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဖမ်းခံရသူတွေထဲက ကျန်တဲ့လေးဦးကိုတော့ ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လိုအဖမ်းခံရတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဘန်မဲရွာဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ သကန်ရွာဟောင်းက ဘုန်းကြီးထဲမှာ ယာယီစခန်းချထားတယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင် အင်အား ၄၀ ကျော်ပါတဲ့ နောက်ထပ်စစ်ကောင်စီစစ်ကြောင်းတစ်ခုကလည်း မဇောကျေးရွာအုပ်စု မရင်းကျေးရွာဘက်ကို ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၃ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်တွေကလည်း မဇောကျေးရွာအုပ်စုထဲက ကင်းတပ်၊ မရင်း၊ အရှေ့တောင်၊ လက်မဲ၊ မဇောပြင်ကြီးနဲ့ သကန်ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက် ခဲ့သေးတယ်လို့ မဇောကျေးရွာအုပ်စုက ဒေသခံတွေဆီကသိရပါတယ်။

The Tanintharyi Times