မြန်မာ ဒုက္ခသည်တွေ ကို အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ အတွက် ထိုင်းဘုရင် နဲ့ အစိုးရ ကို NUG က ကျေးဇူးတင်လွှာပို့

မြန်မာ ဒုက္ခသည်တွေ ကို အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ အတွက် ထိုင်းဘုရင် နဲ့ အစိုးရ ကို NUG က ကျေးဇူးတင်လွှာပို့

မြန်မာ ဒုက္ခသည်တွေ ကို အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ အတွက် ထိုင်းဘုရင် နဲ့ ထိုင်းအစိုးရ ကိုကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ကျေးဇူးတင်လွှာပို့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအစိုးရဟာ ထိုင်း-မြန်မာနယ်စပ်က ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့တာကြောင့် NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူတွေ ကိုယ်စား ထိုင်းဘုရင် နဲ့ ထိုင်းနိုင်ငံအစိုးရ ကျေးတင်လွှာပို့ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မြန်မာစစ်ဘေးရှောင်ပြည်သူတွေ ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့ အရေးနဲ့ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်းအစိုးရနဲ့ လက်တွဲဆောင်ရွက်လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်ကိုင်ကိုင်ခွင့်ပေးဖို့ ထိုင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ ထိုင်း ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေက ဆယ်စုနှစ်ပေါင်းများစွာ တိုက်တွန်းလာတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။

ထိုင်းအတိုက်အခံ အမတ် လည်းဖြစ် Fair Partyရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ကန်နာဝီ ဆစ်ဘ်ဆာန် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း မြန်မာ ဒုက္ခသည်တွေကို လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ နဲ့ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ကိစ္စရပ်တွေ တောင်းဆိုခဲ့သူဖြစ်ပါတယ်။

NUG ရဲ့ ပေးပို့ တဲ့ သဝဏ်လွှာမှာတော့ ထိုင်းဘုရင် နဲ့ အစိုးရ ကိုသာရည်ညွှန်းထားတာ တွေ့ရပါတယ်။

နယ်စပ်တစ်လျောက်ကဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ အတွင်းတရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ဩဂုတ်လ ၂၆ ရက်နေ့မှာပြုတဲ့ ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်သမားပြတ်လပ်မှု နဲ့ စီးပွားရေးတိုးတက်မှုရပ်တန့် နေတဲ့ ပြဿနာကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မယ်လို့ Phongkwin Chungruangkit က ပြောပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်ခရိုင် လေးခုဖြစ်တဲ့ မယ်ဟောင်ဆောင်၊ တာ့ခ်ကန်ချနာဘူရီ၊ရာချာဘူရီ စတဲ့ ခရိုင်တွေမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ကနဦးအနေနဲ့ ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို အရင်ဆုံး အလုပ်လုပ်ကိုင်ခွင့် ပြုမယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်ပါတယ်။

The Tanintharyi Times