အနောက်ဘက် စစ်မျက်နှာ (ကျော်သိမ်း)

အနောက်ဘက် စစ်မျက်နှာ (ကျော်သိမ်း)

(“Erign Maria Remar” ၏ “All Quiet On The Western Front” ကို ဘာသာပြန်သည်။)

“စစ်” ဆိုတာ အနိဌာရုံနဲ့ ပြည့်နှက်နေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ စစ်ဖြစ်နေတဲ့ နေရာတွေမှာ ငြိမ်းချမ်းခြင်းကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးလောင်ပြင်ထဲ ပန်းတွေဘယ်လို ပွင့်နိုင်လိမ့်မလဲ။ ဒီကမ္ဘာမှာ “စစ်” ဟာ အရင်ကလည်း ဖြစ်ခဲ့ကြ၊ အခုလည်း ဖြစ်နေဆဲပါပဲလား။

အကြွင်းမဲ့အာဏာအပေါ်မှာ ယစ်မူးသူတွေဟာ စစ်ပွဲရဲ့ ဖန်ဆင်းရှင်တွေလို့ဆိုရင် မှားမယ် မထင်ပါဘူး။ အာဏာကို အသုံးချပြီး ကျူးကျော်မယ်၊ စော်ကားမယ်၊ နှိပ်ကွပ်မယ်။ အာဏာရှင်ဆိုတာ သတ်ဖြတ်ညှဉ်းပမ်းတဲ့ လုပ်ရပ်တွေနဲ့ အာဏာစက်ကို ချဲ့ထွင်တတ်ကြသူတွေပါ။

ဒါပေမယ့် စစ်တိုက်နေရသူတိုင်း မတရားမှု ကျူးလွန်နေသူတွေတော့ မဟုတ်ပါဘူး။ အာဏာရှင်ရဲ့ နှိပ်စက်ညှဉ်းဆဲတာကို မခံနိုင်လွန်းလို့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေရသူတွေလည်း ရှိပါသေးတယ်။ အဆိုးယုတ်ဆုံး အာဏာရှင်ကို ဖြိုလှဲဖို့ဆိုရင် တန်ပြန်စစ်ကို ဆင်နွှဲရုံကလွဲပြီး ရွေးချယ်စရာမရှိတဲ့ အဖိနှိပ်ခံပြည်သူတွေဟာ စစ်ပွဲထဲကို အသက်ရင်းပြီး ပါဝင်လာရပါတယ်။

အာဏာစက် ဖြန့်ကျက်ဖို့ တိုက်ကြတဲ့ စစ်ဖြစ်ဖြစ်၊ တရားမျှတမှုအတွက် တိုက်ရတဲ့ စစ်ဖြစ်ဖြစ်၊ စစ်ပွဲတိုင်းဟာ လူသားတွေရဲ့ အသက်နဲ့ အရင်းအနှီး ပြုထားရတာချည်းပါပဲ။ စစ်ဖြစ်တဲ့ နေရာမှာ စစ်ရဲ့ဘေးထွက်ဆိုးကျိုးကို အလူးအလိမ့် ခံရတာချည်းပါပဲ။

“အနောက်ဘက် စစ်မျက်နှာ” ဆိုတဲ့ စာအုပ်ဟာ စစ်ရဲ့ ပျက်စီးကြေမွခြင်းတွေကို အပြည့်စုံဆုံး ဖော်ပြနိုင်တဲ့ စာအုပ်တစ်အုပ်ပါ။ “Erign Maria Remar” ရဲ့ “All Quiet On The Western Front” ကို ဆရာ “ကျော်သိမ်း” က မြန်မာဘာသာ ပြန်ထားတာပါ။

ဂျာမနီလူမျိုးဖြစ်တဲ့ စာရေးဆရာ “အဲရစ် မာရီယာ ရီမတ်” က သူကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ စစ်မြေပြင် အတွေ့အကြုံကို ရေးသားထားတာမို့ စစ်ရဲ့ ရင်နင့်စရာ မြင်ကွင်းတွေဟာ ယုံရခက်ခက်ပါလားလို့ စိတ်မှာထင်မိပေမယ့် ငြင်းဆန်လို့မရတဲ့ အမှန်တရားတွေပါပဲ။

ဝေးလွန်းတဲ့ အတိတ်ဖြစ်ရပ်တွေဟာ လက်ရှိအချိန်မှာ ခံစားနေရတဲ့ ဝေဒနာတွေနဲ့ ထပ်တူကျနေဆဲပါလား။

ဂျာမနီပြည်ကို “ကိုင်ဇာ” ဘုရင် အုပ်စိုးထားစဉ်ကာလ။ ပထမကမ္ဘာစစ်ကြီး ဖြစ်ခဲ့တဲ့ (၁၉၁၄-၁၉၁၈) ခုနှစ်အတွင်းမှာပေါ့။ အနောက်ဘက် စစ်မျက်နှာဟာ ပထမကမ္ဘာစစ်ကြီးရဲ့ အဓိက စစ်မျက်နှာတစ်ခုဖြစ်ပါတယ်။

စစ်ဖြစ်ကြပြီဟေ့ ဆိုတော့ တိုင်းပြည်အဝှမ်းက ယောကျ်ားသားတွေ ကြီးကြီးငယ်ငယ် စစ်ပွဲထဲ ပြေးဝင်ကြရတော့တာပါပဲ။ ကျောင်းဆရာ၊ ကျောင်းသား၊ စာပို့သမား၊ ကုန်သည်၊ လယ်သမား စတဲ့ လူတန်းစားပေါင်းစုံရဲ့ ဆုံရပ်ဟာ စစ်တပ် ဖြစ်လာခဲ့တယ်။

ဂျာမန်စစ်တပ်ထဲ ဝင်ရတဲ့ သူတွေထဲမှာ ကျောင်းတက်နေဆဲ အသက် (၁၈) နှစ်အရွယ် “အဲရစ် မာရီယာ ရီမတ်” လည်း တစ်ယောက် အပါအဝင်ပေါ့။ စစ်မြေပြင်မှာ အားငယ်စိတ်၊ ကြောက်စိတ် ဖြစ်လာတိုင်း “အို…လောကမှာ ဘာအရေးလဲ၊ တစ်သက်အပြင် နှစ်သက်မရှိဘူး၊ တစ်ခါအပြင် နှစ်ခါမသေရပါဘူး” ဆိုတဲ့ ဂါထာကို တဖွဖွရွတ်ပြီး ကြောက်စိတ်ကို အနိုင်ယူရတာလည်း အခါခါ။

“အဲရစ်” တို့ ဂျာမန်တွေ သိထားတာက ရန်သူဆိုတာ မကောင်းဆိုးဝါး။ ကြောက်စရာအကောင်းဆုံး လူယုတ်တွေ။ တိုက်ပွဲရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ကိုယ်ကဦးအောင် သတ်နိုင်မှ။ မဟုတ်ရင် ကိုယ့်တိုင်းပြည်က လူတွေ အတိဒုက္ခရောက်ကုန်မှာ စသဖြင့်။

ဒါပေမယ့် ရုရှား စစ်သုံ့ပန်းတွေထားတဲ့ အကျဉ်းစခန်းမှာ သူတာဝန်ကျတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက သနားစရာကောင်းလှတဲ့ အင်အားချို့ငဲ့နေတဲ့ လူသားတွေ။ ရုရှားတွေဟာလည်း ဂျာမန်တွေလိုပဲ ထိလွယ်ရှလွယ် ကိုယ်ခန္ဓာနဲ့ လူသားတွေပါလား။

အကျဉ်းသားတွေဟာ အစာငတ် ရေငတ် မျက်တွင်းဟောက်ပက်နဲ့ အရာရာကို ကြောက်ရွံ့ထိတ်လန့်လို့။ ပေါင်မုန့် အပိုင်းအစ အကျန်တွေကို လုစားနေရတဲ့ တုန်ရီနေတဲ့ လက်ချောင်းတွေ။ ချည့်နဲ့အားနည်းလွန်းလို့ ခါးကိုင်းကိုင်းနဲ့ မလှမ်းနိုင်ဘဲ လှမ်းနေရတဲ့ လေးဖင့်ခြေလှမ်းတွေ။ ဝမ်းကိုက်ရောဂါကြောင့် နေ့စဉ်ရက်ဆက် သေဆုံးနေရတဲ့ အလောင်းတွေ။ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ မျက်ဝန်းသေတွေ။

ဒီလို ဒုက္ခတွေကို ခါးစည်းခံနေရတဲ့ ဘဝတူ လူသားတွေကို တွေ့ရတဲ့အခါ ဘယ်လိုအမုန်းတရားမျိုးကမှ “အဲရစ်” ကို မပိတ်ဖုံးနိုင်တော့ဘူး။ ငါတို့ ဘာ့ကြောင့် စစ်တိုက်နေရတာလဲ။ ဘယ်သူ့အတွက် စစ်တိုက်နေရတာလဲဆိုတဲ့ အတွေးက “အဲရစ်” ကို တချိန်လုံး ဖိစီးနေတော့တယ်။

နောက်တစ်ခါ ရှေ့တန်းစစ်မြေပြင်မှာ။ သူပစ် ကိုယ်ပစ် အမြောက်တွေ တအုန်းအုန်း ထုနေတဲ့ကြား “အဲရစ်” တစ်ယောက် ဟိုပြေးဒီလွှားနဲ့ လမ်းပျောက်ပြီး ဗွက်ထနေတဲ့ ကျင်းတစ်ခုထဲ ဝင်ပုန်းနေရတယ်။ ရန်သူပစ်ကွင်းနဲ့ သိပ်ကို နီးကပ်တဲ့နေရာ။ လက်ထဲမှာ ဓါးမြောင်တစ်ချောင်း ဆုပ်ကိုင်ထားပြီး အသက်ဝဝတောင် မရှူရဲ။

ရုတ်တရက် သူ့အပေါ်ကို လူတစ်ယောက် ပြုတ်ကျလာတယ်။ သူလည်း ဘာမှ မစဉ်းစားနိုင်တော့။ လက်ထဲက ဓါးမြောင်နဲ့ အထပ်ထပ် ထိုးချလိုက်တယ်။ နာကျင်လွန်းလို့ ငြီးငြူလိုက်တဲ့အသံနဲ့ သူ့လက်မှာ ပေနေတဲ့ သွေးကွက်တွေကို မြင်မှ သတိပြန်ကပ်မိတယ်။

သူ့ဓါးချက်မိသွားတဲ့ ရန်သူက ရုတ်တရက် မသေသေး။ အသက်လုရှူရင်း ပြူးကျယ်နေတဲ့ မျက်ဝန်းထဲက အကြောက်တရားကို အထင်းသား မြင်နေရတယ်။ “အဲရစ်” ဘယ်လိုမှ မနေနိုင်တော့။ သူ့ဦးခေါင်းကို ပွေ့ပြီး ရေနည်းနည်းစီ တိုက်ပေးတယ်။ ရန်သူလို့ သူတို့သတ်မှတ်ထားတဲ့ အဲဒီလူဟာ မချိမဆန့် ဝေဒနာကို တစ်ရက်နီးပါး ခံစားပြီး အသက်ထွက်သွားရှာတယ်။

သေသူရဲ့ အိတ်ထဲမှာ “အဲရစ်” တွေ့လိုက်ရတာက ဇနီးသည်ဆီ ရေးထားတဲ့ စာတွေ၊ မိသားစု ဓါတ်ပုံတွေ။ အဲဒီလူက ပြင်သစ်လူမျိုး၊ ပုံနှိပ်တိုက်က စာစီသမားတစ်ယောက်တဲ့။ စစ်ကြီးကသာ သူ့ကို ဆွဲမခေါ်ခဲ့ရင် အခုချိန် သူ့ရပ်သူ့ရွာမှာ ချစ်ရတဲ့ ဇနီးနဲ့အတူ နှစ်တွေအကြာကြီး အသက်ရှင်ခွင့် ရနေဦးမှာ။

စစ်ရဲ့ အနိဌာရုံတွေဟာ အဆုံးအစမဲ့တဲ့ ကောင်းကင်ကြီးလိုပဲ ရေတွက်ပြောဆိုလို့ ကုန်နိုင်ဖွယ်ရာ မရှိတော့ပါဘူး။

အမြောက်ဆံ၊ ဓါတ်ငွေ့၊ တင့်ကားတပ်ကြီး၊ စစ်သားခိုကျင်း၊ လူသတ်တာ၊ မီးလောင်တာ၊ ငတ်မွတ်တာ၊ ဝမ်းကိုက်ရောဂါ၊ တုပ်ကွေးဖျား၊ သွေးတွေ၊ အရိုးတွေ၊ အသားစတွေ၊ ငိုညဉ်းသံ၊ ဆေးရုံ၊ သင်္ချိုင်း၊ သေကျေပျက်စီးခြင်း စတာတွေဟာ စစ်ကာလရဲ့ နေ့စဉ်မြင်ကွင်းတွေပါပဲ။

အာဏာရူးတို့ရဲ့ လောဘ၊ ဒေါသကြောင့် ဖြစ်လာရတဲ့ စစ်ပွဲတွေ နောက်ထပ် ဖြစ်မလာအောင် လူသားတွေ သတိတရား ထားနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာရေးဆရာက ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

တုန်လှုပ်စရာကောင်းတဲ့ စစ်ပွဲရဲ့ ဆိုးကျိုးတွေကြားထဲမှာ ပေါက်ဖွားလာတဲ့ မေတ္တာ၊ ဂရုဏာ၊ သံယောဇဉ်ကိုလည်း ဝေဝေဆာဆာ တွေ့ရတာမို့ ကြောက်စရာ၊ လန့်စရာတွေနဲ့အပြိုင် ကြည်နူးနှစ်သိမ့်တဲ့ ရသကိုလည်း ခံစားရစေတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။     ။

ငြိမ်းပန်

The Tanintharyi Times