လောင်းလုံးမြို့နယ်မှာ မနေ့ညက ရွာသား ၁၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
လောင်းလုံးမြို့နယ်မှာ မနေ့ညက ရွာသား ၁၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတချို့က ဒေသခံရွာသား ၁၂ ဦးကို မနေ့ညက စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဇူလိုင် ၂၈ ရက် ည ၁၁ နာရီဝန်းကျင်အချိန်က ဟင်းချိုတော နဲ့ သပြေရှောင် ရွာက ရွာသား ၆ ဦးကို ၄င်းတို့၏နေအိမ်အသီးသီးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းခေါ်သွားခဲ့ပါတယ်။
ဧည့်စာရင်းအကြောင်းပြပြီး ရှာဖွေဖမ်းဆီးခဲ့တယ်လို့ပြောဆိုနေပေမယ့် စစ်ကောင်စီတပ်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇူလိုင် ၂၆ ရက်ကတည်းက လောင်းလုံး အောက်ရေဖြူရွာကိုရောက်နေတာဖြစ်ပြီး ရွာသား ၃ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် အောက်ရေဖြူရွာတလျှောက် ဥယျာဥ်ခြံမြေထဲဝင်ပြီး တောနင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၃ နာရီ အချိန်မှာလည်း မောင်းမကန်ရွာက ရွာသား ၆ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းခေါ်သွားခဲ့တယ်လို့ ရွာခံတွေထံကသိရပါတယ်။
“ဧည့်စာရင်းစစ်သလိုလိုလာလုပ်ပြီး သူတို့ကိုဖမ်းခေါ်သွားတာ”ဟု မောင်းမကန် ရွာခံတစ်ဦးကပြောပါတယ်။
အဲဒီရွာသားတွေကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုမသိရပေမယ့် အဖမ်းခံရသူတွေကို လောင်းလုံး မြို့မရဲစခန်းနဲ့ မောင်းမကန် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပါတယ်။
The Tanintharyi Times
