ထားဝယ်၊ ထီးခီးနယ်စပ်ဘက်ကို စစ်ကောင်စီတပ်က အင်အားနှစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုး

ထားဝယ်၊ ထီးခီးနယ်စပ်ဘက်ကို စစ်ကောင်စီတပ်က အင်အားနှစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုး

ထားဝယ်မြို့ဘက်ကနေ ထီးခီးနယ်စပ်ဘက်ကိုဦးတည်ပြီး စစ်ကောင်စီတပ်သား အင်အားနှစ်ရာ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ပတ်ကစလို့ ဟောင်ဝှစ်ဇာ အမြောက် တွေနဲ့အတူ ပကာရီရဲစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်းသုံးကြောင်းခွဲပြီး ထားဝယ်-ထီးခီးလမ်းအတိုင်း နယ်စပ်ဘက်ကိုဦးတည် ဝင်ရောက်နေတာပါ။

အဲဒီစစ်ကောင်စီတပ်သားအင်အား ၂၀၀ လောက် ကားလမ်းနဲ့ တောလမ်းနှစ်နေရာစလုံးကနေ လူခွဲပြီးသွားနေတာလို့ အရှေ့တောဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

“လမ်းမပေါ်မှာကတစ်ကြောင်းကတော့ အရာရှိတွေပါနိုင်တာပေါ့။ ကားပေါ်မှာ လက်နက်ကြီးနဲ့ စက်လက်လည်းဆင်ထားတယ်။ လမ်းဘယ်ညာနှစ်ဖက်မှာလည်း တစ်ကြောင်းစီရှိတယ်။ သူတို့ဝင်နေကျပုံစံအတိုင်းပါပဲ” လို့ Dawei Defense Team (DDT) တပ်ဖွဲ့တာဝန်ခံ ကိုရေလှိုင်းက ပြောပါတယ်။

စစ်ကြောင်းတွေဟာ အခုလ ၁၉ ရက်နေ့မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ထီးထဗျူဟာစခန်းကို ပြန်လည်ရယူဖို့သွားနိုင်သလို ထီးခီးနယ်စပ်ကိုလည်းအင်အားဖြည့်ဖို့သွားနိုင်တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေက ခန့်မှန်းပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ ပခပ်ကျေးရွာနဲ့ ရမ္မဇူကျေးရွာတွေဘက်ကို ရောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းဝင်တဲ့ ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းနိုင်ငံကိုနယ်စပ်ဖြတ်ကျော်မယ့်ဒေသခံတချို့၊ စျေးဆိုင်ကယ်နှစ်စီးနဲ့ ကျားခုန်အိုင်ဘုန်းကြီးကျောင်းက ကျောင်းသားတချို့ စစ်ကြောင်းနဲ့အတူဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လမ်းတစ်လျှောက် ဖမ်းဆီးခံရသူ ဆယ်ဦးကျော်ရှိပြီး အခုညနေပိုင်းမှာတော့ အားလုံး ပြန်လွတ်လာတယ်လို့ ဒေသခံ‌တွေက ဆိုပါတယ်။

အခုစစ်ကြောင်းထိုးနေတဲ့ ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ဟာ လွန်ခဲ့တဲ့တစ်ပတ် တောင်သုံးလုံးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေ့ ကတည်းက မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာလို့မရဘဲလမ်းပိတ်နေပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် မေတ္တာမြို့၊ ထီးခီးနယ်စပ်ဒေသ၊ တောင်သုံးလုံးနဲ့ ကျောက်မဲတောင်ကျေးရွာတွေ ပြီးခဲ့တဲ့ပတ်ကစလို့ စစ်ရှောင်နေကြပြီး ဒီနေ့စစ်ကြောင်းထပ်ဝင်တာကြောင့် သရက်ငုတ်၊ သင်္ကန်းတုန်းနဲ့ ဝကုန်းကျေးရွာတွေကဒေသခံတွေလည်း တပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်-ထီးခီးလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့နဲ့ တပ်စခန်းတွေလက်မလွှတ်ရဖို့အတွက် ကျောက်မဲတောင်၊ မေတ္တာနဲ့ ထီးခီးတို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို လေကြောင်းကနေ လက်နက်နဲ့ လူအင်အားဖြည့်ခဲ့ပါတယ်။

အဲဒီစစ်ကောင်စီစခန်းတစ်ဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမျိုးမရှိသေးပေမဲ့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

စစ်‌ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတော့ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေမှာ ပြင်းထန်တဲ့စစ်ရေးအခြေအနေရှိလာနိုင်ပြီး KNU နဲ့ ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းတပ်တွေဘက်က မေတ္တာနဲ့ ထီးခီးနယ်စပ်တွေကို ထိန်းချုပ်ဖို့လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

The Tanintharyi Times

ပုံစာ – ထားဝယ်-ထီးခီးလမ်းပေါ်က စစ်ကောင်စီတပ်သားတွေ (ပုံဟောင်း)

The Tanintharyi Times