မိုင်ကယ်အိန်ဂျယ်လို (ခင်မျိုးချစ်)
မိုင်ကယ်အိန်ဂျယ်လို (ခင်မျိုးချစ်)
ဒီကမ္ဘာမှာ သူ့ခေတ်သူ့အခါနဲ့ နာမည်ကျော်ကြား လူကြိုက်များကြတဲ့ အနုပညာရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ အဲဒီအထဲမှာမှ အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကို ကြံ့ကြံ့ခံပြီး ရာစုနှစ်ပေါင်းများစွာ အနုပညာလက်ရာရော၊ နာမည်ပါကျန်ရစ်တဲ့ အနုပညာရှင်ကတော့ များများစားစား ရှိမယ်မထင်ပါဘူး။
နှစ်ပေါင်း ငါးရာကျော် ကြာခဲ့ပေမယ့် နှောင်းလူတို့ ဦးညွှတ်နေရဆဲ အနုပညာရှင်ကြီးတစ်ဦးကတော့ “မိုင်ကယ်အိန်ဂျယ်လို” ပဲ ဖြစ်ပါတယ်။
“မိုင်ကယ်အိန်ဂျယ်လို” ကို ပန်းပုပညာရှင်ကြီးအနေနဲ့ သိမှတ်ထားကြတာ များပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနုပညာ မှော်ကဝေလက်ဟာ ပန်းပုပညာတစ်ခုတည်းမှာ ထူးချွန်တာ မဟုတ်ပါဘူး။ ပန်းချီ၊ ဗိသုကာ၊ ကဗျာ မှာလည်း သူမတူအောင် ထူးထူးခြားခြား ကျွမ်းကျင်ပါသေးတယ်။
ကမ္ဘာ့အနုပညာသမိုင်းမှာ ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ “မိုင်ကယ်အိန်ဂျယ်လို(၁၄၇၅ … ၁၅၆၄ ခုနှစ်)” ဟာ အီတလီနိုင်ငံက အီတာလျံလူမျိုးတစ်ဦးပါ။ အသက် ၁၃ နှစ် အရွယ်ကတည်းက ပန်းချီပညာစတင်သင်ကြားခဲ့ရပြီး၊ ပန်းပုပညာနဲ့ ဗိသုကာပညာကို နောက်ပိုင်းမှ ဆက်လက်လေ့လာခွင့် ရခဲ့ပါတယ်။
သူ့ရဲ့ သမိုင်းဝင်လက်ရာတွေကို ချီးကျူးဂုဏ်ပြုကြပေမယ့် အဲဒီလို အနုပညာလက်ရာ ဖြစ်ဖို့အတွက် သူဘယ်လောက်အထိ ဇွဲလုံ့လ စိုက်ထုတ်ခဲ့ရတယ်ဆိုတာ သတိထားမိသူ နည်းပါးပါလိမ့်မယ်။ ဝါသနာအရင်းခံစိတ်က အခက်အခဲတွေကို ရင်ဆိုင်ဖို့ အဓိကတွန်းအား ဖြစ်စေခဲ့တယ် ထင်ပါတယ်။
အနုပညာရှင်ရဲ့ လက်ရာကသာ နူးညံ့သိမ်မွေ့ပြီး အနုရသမြောက်လှပေမယ့် အနုပညာရှင်ရဲ့ ဘဝဖြတ်သန်းမှု၊ တီထွင်ဖန်တီးမှုဖြစ်စဉ်တွေက ကြမ်းတမ်းခက်တရော်လှတာ ထုံးစံပဲလား။
အနုပညာစစ်စစ်ဆိုတာ အလွယ်တကူ ပေါက်ဖွားလာတာမဟုတ် ဆိုတဲ့စကားကတော့ “မိုင်ကယ်” အတွက် မှန်လွန်းမက မှန်နေခဲ့တယ်။
လူပုံပန်းပုရုပ်တွေကို ထုလုပ်ရာမှာ အသက်ဝင်ဆုံး၊ သရုပ်အပေါ်လွင်ဆုံး ဖြစ်စေဖို့ သူ့ရဲ့အားထုတ်မှုကို ကြားရတဲ့အခါ အံ့ဩမင်သက်မိတာအမှန်။
ပန်းပုရုပ်တွေကို ဒီအတိုင်း ကြိုးစားထုလုပ်ရတာ အားမရပဲ လူသေကောင်အလောင်းတွေကို ခွဲစိတ်ကြည့်မှရမယ်လို့ တစ်နေ့မှာ သူဆုံးဖြတ်လိုက်တယ်။ လူ့ခန္ဓာကိုယ်ထဲက အရိုး၊ အကြော၊ အသည်း၊ အဆုတ်၊ ကျောက်ကပ် စတဲ့ ဖွဲ့စည်းပုံတစ်ခုချင်းစီကို ကျကျနန လေ့လာပြီးမှ အပီပြင်ဆုံး လူပုံသဏ္ဍာန်ကို ထုလုပ်နိုင်မယ်လို့ သူယုံကြည်တယ်။
အဲဒီယုံကြည်ချက်ကြောင့် သူခက်ခက်ခဲခဲ ရှာဖွေထားတဲ့ အလောင်းတွေကို အကြောက်အလန့် အရွံအရှာမရှိ ခွဲစိတ်ဖြတ်တောက်ပြီး သေချာလေ့လာမှတ်သားတယ်။ သူခွဲစိတ်တာက အလောင်းတစ်လောင်းတည်းမဟုတ်။
အလောင်းပေါင်းများစွာ၊ လူသေခန္ဓာကိုယ် ပေါင်းများစွာ။
ဘယ်သူမှ မမြင်နိုင်တဲ့ အလုံပိတ်အခန်းထဲက ညသန်းခေါင်ယံမှာ သူတစ်ယောက်တည်း ဓါးတစ်လက်နဲ့ အလောင်းခွဲစိတ်နေတဲ့ မြင်ကွင်းက ပန်းပုပညာအပေါ်ထားတဲ့ သူ့ဝါသနာနဲ့ စိတ်ဇွဲကို မှန်းဆကြည့်လို့ ရပါတယ်။
ဒါ့အပြင် သူ့အနုပညာ ဖန်တီးမှု လမ်းခရီးမှာ ပြင်ပအနှောင့်အယှက် အတားအဆီးမျိုးစုံကိုလည် ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ အဲဒီခေတ်က ဩဇာအာဏာအရှိဆုံး ပုပ်ရဟန်းမင်းကြီးနဲ့ ဧကရာဇ်မင်းတို့ရဲ့ လိုတစ်မျိုး မလိုတစ်မျိုး အငြိုငြင်မျိုးစုံကိုလည်း ခံရပါသေးတယ်။ သူ့ကို ဟိုပန်းချီဆွဲခိုင်းလိုက်၊ ဒီပန်းပုထုခိုင်းလိုက်နဲ့။ လိုရင်ချီးမွန်းဂုဏ်ပြုလိုက်၊ စိတ်အခန့်မသင့်ရင် ပြစ်ဒဏ်ပေးလိုက်နဲ့။
စစ်မှန်တဲ့ အနုပညာရှင်တွေဟာ အာဏာရှင်တွေရဲ့ တသွေးတသံတမိန့် အုပ်ချုပ်မှုအောက်မှာ လူးလိမ့်နေအောင် ခံစားရတတ်စမြဲပဲလား။
“မိုင်ကယ်” ကတော့ အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ အာဏာပြတာကို အကြိမ်ကြိမ်ခံစားခဲ့ရရှာတယ်။
ဒါပေမယ့် ဘယ်သူတွေက ဘယ်လောက်ပဲ သူ့အပေါ် အာဏာပြပါစေ။ အနုပညာနဲ့ ပတ်သက်ပြီး သူ့ယုံကြည်ချက်တွေဟာ တစ်ရွေးသားတောင် ယိမ်းယိုင်တိမ်းစောင်းသွားတာမျိုး မတွေ့ရဘူး။ ချီးမြှောက်ခံရစဉ်အခါမှာလည်း သူ့တီထွင်ဖန်တီးမှုတွေဟာ သူ့အသွေးအသားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မြဲပါပဲ။
အငြိုငြင်ခံရတဲ့အခါမှာလည်း သူ့နှလုံးသွေးနဲ့ အနုပညာကို ဆက်လက်ဖန်တီးဆဲပါပဲ။ ဘယ်လိုလောကဓံနဲ့ကြုံကြုံ သူ့အနုပညာလက်ရာတွေဟာ ခဝပ်ကျိုးနွံစွာ သူ့နှလုံးသွေးထဲက ခုန်ထွက်စီးဆင်းလာစမြဲ။
သူ့အတွက်တော့ ဦးထိပ်ပန်ဆင်စရာ၊ သစ္စာထားစရာဟာ အနုပညာကလွဲပြီး တခြားဘာမှ မရှိခဲ့ဘူး။ ဘယ်လိုအာဏာစက်ကမှ သူ့အနုပညာဖန်တီးမှုကို ရပ်တန့်သွားအောင် လုပ်လို့မရဘူး။ အကောင်းအဆိုး လောကဓံကြားမှာ ယုံကြည်ရာကို တည်ကြည်ခိုင်ခံ့တဲ့စိတ်နဲ့ လုပ်ဆောင်နိုင်ဖို့ သူ့အတွက် အကောင်းဆုံး တွန်းအားတစ်ခုရှိပါတယ်။ အဲဒါကတော့ ချစ်ခြင်းမေတ္တာပါပဲ။
အနုပညာကိုချစ်စိတ်၊ လောကကြီးကိုချစ်စိတ်၊ ရှင်သန်ရတဲ့ဘဝကိုချစ်စိတ်နဲ့အတူ သေခြင်းတရားကိုပါ ချစ်ခဲ့သူ။
“ငါဟာ ကျောက်ဖြူတုံးသားကို ချစ်မြတ်နိုးခဲ့တယ်။ ပန်းချီဆေးကိုလည်း နှစ်သက်ခဲ့တယ်။ ဗိသုကာ အတတ်ပညာကိုလည်း သဘောကျခဲ့တာပဲ။ ကဗျာနဲ့လည်း ပျော်ပိုက်ခဲ့တယ်။ ငါ့ရဲ့ ဆွေမျိုးမိတ်ဆွေတွေကိုလည်း ချစ်တာပဲ။ ဘုရားသခင်ကိုလည်း ချစ်ကြည်ညိုခဲ့တယ်။ ဘုရားသခင် ဖန်ဆင်းသမျှ လူ့လောကကိုလည်း မေတ္တာပွားခဲ့တယ်။ ငါဟာ လူ့ဘဝကြီးကို အစွမ်းကုန် ချစ်မြတ်နိုးခဲ့တယ်။ သေခြင်းတရားဆိုတာလည်း လူ့ဘဝ ဇာတ်သိမ်းခန်းတစ်ခုအနေနဲ့ နှစ်သက်တာပဲ” တဲ့။
ချစ်ခြင်းမေတ္တာနဲ့ အရာရာကို ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးတစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကားပဲ ဖြစ်ပါတယ်။
အသက် ၈၉ နှစ်အရွယ်မှာ သူကိုယ်တိုင် ဆောက်လုပ်နေတဲ့ “စိန့်ပီတာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း” ကို လိုက်ကြည့်နေခဲ့သေးတယ်။ ဘုရားကျောင်းပြီးတဲ့အထိ နေထိုင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် သူ့ရဲ့နောက်ဆုံးနေ့ ရောက်လာပြီလို့ သိလိုက်ရတဲ့အခါ အပြုံးမပျက် တိုးတိတ်တည်ငြိမ်စွာ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ရှာသူ ဖြစ်တယ်။
ကမ္ဘာကျော် အတ္ထုပ္ပတ္တိ စာရေးဆရာကြီး “အိုင်ဗင်စတုန်း” ရဲ့ “MICHELANGELO” ကို ဆရာမကြီး “ခင်မျိုးချစ်” က မြန်မာဘာသာ ပြန်ဆိုရေးဖွဲ့ထားတာပါ။
ဝတ္ထုသဏ္ဍာန် ရေးဖွဲ့ထားတာမို့ အကြောင်းအရာရော၊ အရေးအသားပါ စာဖတ်သူကို အားကောင်းကောင်းနဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။
ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ကဗျာ စွယ်စုံရ အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ “မိုင်ကယ်အိန်ဂျယ်လို” ရဲ့ ဘဝဇာတ်ကြောင်းကို အပြည့်စုံဆုံး ပုံဖော်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
