တနင်္သာရီဒေသမှာ ယှဥ်ပြိုင်ဖူးတဲ့ ပါတီ ၈ ခု စစ်ကောင်စီမှာ မှတ်ပုံပြန်တင်
တနင်္သာရီဒေသမှာ ယှဥ်ပြိုင်ဖူးတဲ့ ပါတီ ၈ ခု စစ်ကောင်စီမှာ မှတ်ပုံပြန်တင်
၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းက တနင်္သာရီတိုင်းမှာ ယှဥ်ပြိုင်ဖူးတဲ့ ပါတီတွေအနက် ပါတီ ၈ ခုကတော့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှာ ပြန်လည်မှတ်ပုံတင်ထားပါတယ်။
အဲဒီပါတီတွေကတော့ ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ အမျိုးသမီးပါတီ(မွန်) နဲ့ မွန်ညီညွတ်ရေးပါတီ တို့ပဲဖြစ်ပါတယ်။
၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းက တနင်္သာရီတိုင်းမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကတော့ မှတ်ပုံပြန်မတင်လို့ဆိုပြီး ဖျက်သိမ်းကြောင်းကြေညာခံလိုက်ရပါတယ်။
NLD ပါတီဘက်တော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းခွင့်မရှိဘူးလို့တုန့်ပြန်ထားပါတယ်။
တစ်ခုတည်းသောဒေသအခြေစိုက်ပါတီဖြစ်တဲ့ ထားဝယ်တိုင်းရင်းသားများပါတီလည်းဖျက်သိမ်းခံလိုက်ရပါတယ်။ ပါတီဘက်ကတော့ လက်ရှိအခင်းအကျင်းဟာ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ ရပ်တည်ဖို့မဖြစ်နိုင်လို့ မှတ်ပုံတင်ပြန်မလျှောက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီဒေသမှာ ဝင်ရောက်ယှဥ်ပြိုင်ဖူးတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ အမျိုးသားတိုးတက်ရေးပါတီတို့ဟာလည်း မှတ်ပုံပြန်မတင်လို့ဖျက်သိမ်းခံလိုက်ရပါတယ်။
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကတော့ စစ်ကောင်စီက မှတ်ပုံပြန်တင်ခိုင်းတဲ့အချိန်မတိုင်ခင်မှာပဲ ဖျက်သိမ်းခဲ့ပါတယ်။
မှတ်ပုံပြန်တင်တဲ့ ပါတီရှစ်ခုမှာ ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ အမျိုးသမီးပါတီ(မွန်) တို့က တနိုင်ငံလုံး ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်မဲ့ ပါတီတွေ ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ ကတော့ ဒေသတွင်းအဆင့်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားပါတယ်။
စစ်ကောင်စီထံ မှတ်ပုံတင်ထားတဲ့ ပါတီ ၆၃ ပါတီမှာ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင် လျှောက်ထားတဲ့ ပါတီ ၁၂ပါတီ တွေ့ရပါတယ်။
ဥပဒေအရ ပါတီမှတ်ပုံတင်ရမဲ့ရက်က မနေ့က ရက်ပေါင်း ၆၀ ပြည့်သွားပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံရေးပါတီအသစ် တည်ထောင်လိုသူတွေ ဆက်လက် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
