ဘဏ်ဓါးပြကနေ တက္ကသိုလ်ပါမောက္ခဖြစ်လာသူ

ဘဏ်ဓါးပြကနေ တက္ကသိုလ်ပါမောက္ခဖြစ်လာသူ

(ခေတ်ပြိုင်ဘဝများ/အက်ဆေး)

ကောင်းမွန်တဲ့မိသားစုပတ်ဝန်းကျင်မှာမွေးဖွားလာသူတွေလည်း ဘဝအချိုးအကွေ့တစ်ခုမှာ ဆုံးဖြတ်ချက်အမှားတွေနဲ့ကြုံတွေ့ရနိုင်တယ်၊ ဒါပေမယ့်ကိုယ့်ကိုကိုယ်ပြန်လည်တည်ဆောက်နိုင်ခဲ့ရင် လမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်နိုင်တယ်ဆိုတဲ့သာဓကကိုပြမယ်ဆိုရင် ကာစတန်စမစ်ဟာ အကောင်းဆုံးနမူနာတစ်ခု ဖြစ်ပါတယ်။

၁၆ နှစ်သမီးအရွယ်မှာ မူးယစ်ဆေးဝါးကိုပထမဆုံးသုံးဖူးတာပါ။ သူမရဲ့အထက်တန်းကျောင်းကကောင်လေးတစ်ယောက်က မော်ဖင်းတွေကိုစမစ်ရဲ့သွေးကြောထဲထိုးပေးခဲ့ပါတယ်။ ၁၈နှစ်မှာတော့ စမစ်ဟာမော်ဖင်း ထက်နည်းနည်းပိုပြင်းတဲ့ ’အောက်ဆီကိုဒုန်း’ တွေစသုံးလာခဲ့ပြီ။၁၉နှစ်မှာတော့ဟီးရိုးအင်းအဆင့်ကို ရောက်ပါပြီ။

စမစ်ဟာအမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ နောက်စ်ဗီးလ်မြို့မှာပေါက်ကွဲခဲ့တဲ့ဗုံးတစ်လုံးပါပဲ။ သူမရဲ့ဟီးရိုးကတော့ ဒါရိုက်တာကွမ်တင်တာရန်တီနိုရိုက်ကူးတဲ့Pulp Fictionဇါတ်ကားထဲက မာဖီးယားခေါင်းဆောင်းတစ်ဦးရဲ့မိန်းမအဖြစ်မင်းသမီးအူမာသားမန်းသရုပ်ဆောင်ခဲ့တဲ့ “မီရာဝေါလေ့စ်”ဆိုတဲ့ဇါတ်ရုပ်ဖြစ်ခဲ့ပါတယ်။ မီရာဟာဟီးရိုးအင်းသုံးပြီးဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသူပါ။

“ကျွန်မငယ်ငယ်တုန်းက ဟီးရိုးအင်းစွဲသူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ကိုယ့်အပြုအမူတွေနဲ့ကတစ်ထပ်ထဲပါပဲ”လို့ စမစ်ကနောက်ပိုင်းမှာပြန်ပြောပါတယ်။

စမစ်ဟာမူးယစ်တဲ့အရာအားလုံးလိုလိုနဲ့ ရင်းနှီးခဲ့ပါတယ်။ အရက်၊ ဆေးခြောက်၊ ဟီးရိုးအင်း၊ LSDတွေ အကုန်သုံးခဲ့ပါတယ်။ အထက်တန်းကျောင်းကနုတ်ထွက်ပြီးတော့ ဟီးရိုးအင်းကို သူမပိုသုံးလာတယ်။ ဆေးသုံးဖို့ငွေမရှိတဲ့အခါ သူမချစ်သူမိဘတွေရဲ့ခရက်ဒစ်ကဒ်တွေနဲ့ချက်လက်မှတ်တွေကို ခိုးသုံးတတ်လာတယ်။ နောက်ဆုံးတော့ ဖမ်းမိသွားပြီးခြေချုပ်နဲ့နေရတယ်။

မေးရိုးသွယ်သွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်ကောက်ကောက်နဲ့ခန္ဓာကိုယ်မှာတက်တူးတွေထိုးထားတဲ့မိန်းကလေးဟာ ဆေးဖြတ်စခန်းကိုရောက်သွားခဲ့ပါတယ်။ စခန်းကပြန်ထွက်လာတဲ့အခါ ကျောင်းပြန်တက်တယ်။ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်တယ်။ ဒီမှာတင် ဟောလီးဝုဒ် ဇာတ်ကားတစ်ကားဖြစ်တဲ့ The Client ထဲမှာ ကလေးသရုပ်ဆောင် အဖြစ်ပါဝင်တဲ့မင်းသား ဘရတ်ရန်ဖရိုနဲ့တွေ့ဆုံခဲ့တယ်။

ရန်ဖရိုနဲ့အတူ စမစ်တစ်ယောက်ဆေးတွေတပျော်ကြီးသုံးခဲ့ပြန်တယ်။ သူနဲ့တွဲပြီးသုံးလကြာတဲ့အခါ ကိုယ့်ဘဝတစ်လျှောက်လုံးကို ဆေးသမားဘဝနဲ့ဖြတ်သန်းတော့မှာလားလို့ သူမတွေးမိလာတယ်။ ရန်ဖရိုကို သူကြည့်မိတော့ဟီးရိုးအင်းရဲ့ဒဏ်ကိုအကြီးအကျယ်ခံစားနေရတယ်။ သူ့လက်မှာဟီးရိုးအင်းထိုးသွင်းထားလို့ သွေးတွေတစ်စက်စက်ကျနေတယ်။

ဒါဟာ သူတို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့ကြတာပါပဲ။ သူမထွက်လာခဲ့တယ်။ ၂၀၀၈ခုနှစ်မှာတော့ ရန်ဖရိုဟာ ဟီးရိုးအင်းကြောင့်ပဲအသက်၂၅ နှစ်မှာကွယ်လွန်ခဲ့တယ်။

စမစ်က စားပွဲထိုးအလုပ်ကိုဆက်လုပ်နေတုန်း မိုက်ကယ်ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာအိပ်ခန်းတစ်ခန်းထဲပါတဲ့ တိုက်ခန်းလေးတစ်ခုကို နှစ်ယောက်ငှားပြီးအတူနေခဲ့ကြတယ်။ နှစ်ယောက်ပေါင်းပြီး ဆေးတွေဆက်သုံးဖြစ်တာပါပဲ။ မက္ကဆီကိုမူးယစ်ရာဇာတွေတင်သွင်းတဲ့ အရည်အသွေးမြင့်ဟီးရိုးအင်းတွေကို အတူသုံးကြတယ်။ သူတို့ကဆေးပဲသုံးနေကြတာတော့မဟုတ်ပါဘူး။ ကဗျာတွေစာတွေရေးကြတယ်၊ ကြောင်နှစ်ကောင်လည်းမွေးထားတယ်။ အဲဒီနှစ်မှာပဲ တင်နက်ဆီ တက္ကသိုလ်က သူတို့နှစ်ယောက်လုံးကိုဝင်ခွင့်ပေးလိုက်တယ်။ နှစ်ယောက်လုံးဆေးဖြတ်ဖို့ပြန်ကြိုးစားကြတယ်။ ဆေးဖြတ်ပေးတဲ့နေရာတွေမှာလည်း တက်ရောက်ကြတယ်။

တက္ကသိုလ်စတက်ပြီးနောက်ပိုင်းမှာ စမစ်တစ်ယောက်ဆေးကိုတစ်ကြော့ပြန်သုံးလာပြန်ပါပြီ။ သူမအတွေးမှာဆေးသုံးရင်း ပညာရေးလိုက်စားလို့ရတယ်လို့ယုံကြည်နေခဲ့တာပါ။ တစ်ဖက်မှာ ဆေးဖြတ်ဖို့ကတော့ သူတို့အမြဲတွေးဖြစ်ကြတယ်။ သူတို့မသုံးရသေးတဲ့ဆေးထိုးအပ်တွေကိုထုတ်ပြီးအမိုက်ပုံးထဲလွှင့်ပစ်ကြတယ်။ ခဏနေတော့ စိတ်ပြောင်းပြီးအမှိုက်ပုံးထဲကနေ သွားပြန်ကောက်ကြတာပါပဲ။ မူးယစ်ဆေးသံသရာဟာထွက်ဖို့ ခက်ခဲတဲ့ထောင်ခြောက်ပါ။

ဆေးသုံးမှန်းသိသွားတဲ့အခါ စမစ်ကိုအလုပ်ကထုတ်လိုက်ကြတယ်။ မိုက်ကယ်လည်းအလုပ်ကနေ အထုတ်ခံရတယ်။ သူတို့မှာဝင်ငွေမရှိတော့ဘူး။ ဒီမှာဇာတ်လမ်းကစတော့တာပါပဲ။ ဘဏ်ဓါးပြတိုက်ပြီး အဖမ်းမခံရတဲ့အမှုတွေကိုစမစ်လေ့လာတယ်။
တစ်နေ့တော့မိုက်ကယ်အိပ်ပျော်နေတုန်း စမစ်ကလိုအပ်တဲ့ပစ္စည်းတွေစုဆောင်းတယ်။ သူ့အမေနောက်ယောက်ကျား သူ့ကိုလက်ဆောင်ပေးခဲ့တဲ့ လေသေနတ်၊ မျက်နှာကိုဖုံးဖို့ ပုဝါနဲ့ နေကာမျက်မှန် တို့ပါပဲ။

SunTrust ဘဏ်ကောင်တာရှေ့ကိုအရောက်မှာတော့ ပါလာတဲ့အိတ်ကိုစားပွဲပေါ်တင်၊ ငွေရေနေတဲ့ဘဏ်စာရေးကိုသေနတ်နဲ့ချိန်ပြီး “ရှင့်ကိုစက္ကန့်၆၀ပေးမယ်။ဒီအိတ်ထဲကိုငွေထည့်ပေး”လို့အမိန့်ပေးတယ်။ ဘဏ်စာရေးက ငွေထည့်ပေးပြီးတဲ့အခါ စမစ်ကသူမ လုပ်ရပ်အတွက်တောင်းပန်ရင်း “ကျေးဇူးတင်ပါတယ်”လို့ပြောတယ်။

ဒေါ်လာ ၁၁,၀၀၀ ရလာပြီ။ သူတို့နှစ်ယောက်အတွက်နှစ်လစာဆေးဖိုး၊ အခန်းငှားခနဲ့စားနပ်ရိက္ခာအတွက်လုံလောက်ပြီ။ နောက်တစ်ခေါက်မှာတော့ မိုက်ကယ်ပါပူးပေါင်းပါဝင်လာပါပြီ။ ဒါပေမယ့်ဒီတစ်ခါမှာတော့ ကံတရားကသူတို့ဖက်မှာမရှိတော့ပါဘူး။မိုက်ကယ်ကဘဏ်ထဲကိုဝင်သွားပြီး စမစ်ကကားပေါ်ကစောင့်တယ်။ မိုက်ကယ်ပြန်ထွက်လာပြီးကားမောင်းမပြေးနိုင်ခင် ရဲတွေကသူတို့ကိုမိသွားခဲ့တာပါပဲ။

တရားရုံးမှာရင်ဆိုင်နေရတုန်း အမေ့အိမ်မှာ စမစ်ကိုနေအိမ်အကျယ်ချုပ်နဲ့ထားတယ်။ “ထောင်ထဲရောက်မယ့်အချိန်ကိုရေတွက်ခြင်း” (Countdown to Prison)ဆိုတဲ့ကဗျာကို သူမ ရေးခဲ့တယ်။ စာမျက်နှာ ၄၅၀ ရှိတဲ့ဝတ္ထုတစ်ပုဒ်ကိုတစ်ပတ်အတွင်းရေးတယ်။

တရားရုံးမှာတော့စမစ်ရဲ့ပထွေးက “သမီးလေးဟာအမှားကျူးလွန်မိပေမယ့် စမတ်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ”လို့လျှောက်လဲတယ်။ စမစ်ကလည်း သူမကျူးလွန်ခဲ့တာတွေအတွက် မိဘတွေမှာတာဝန်မရှိကြောင်းထွက်ဆိုပါတယ်။ ”ကျွန်မကိုဝံပုလွေတွေကပြုစုပျိုးထောင်ခဲ့တာမဟုတ်ပါဘူး။ အမေနဲ့ပထွေးတို့ဟာကျွန်မကိုချစ်ကြတယ်၊ ပြီးတော့ဒီဘဝကနေရုန်းထွက်ဖို့ အခွင့်အလမ်းတွေကို အကြိမ်ပေါင်းများစွာပေးခဲ့ပါတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

လူငယ်တစ်ဦးဖြစ်တာနဲ့ အကြမ်းမဖက်တာကိုထောက်ထားပြီး တရားရုံးကစမစ်ကို ၄၇ လပဲထောင်ချခဲ့ ပါတယ်။ မိုက်ကယ်ကိုတော့ ၄၆ လချမှတ်ခဲ့ပါတယ်။ ပထမနှစ်ပတ်မှာတစ်နေ့ကို၂၃ နာရီ တံခါးပိတ်ပြီးနေခဲ့ရတယ်။ ဆေးဖြတ်ဖို့ပါပဲ။ ထောင်ထဲမှာနေရတဲ့ဘဝမှာ သူ့ဆီကယူသွားလို့မရတဲ့အရာနှစ်ခုရှိတယ်လို့စမစ်ကပြောပါတယ်။ “ပညာရေးနဲ့သူထိုးထားတဲ့တက်တူးတွေပါ”လို့သူမကဆိုတယ်။

ထောင်ကထွက်လာတဲ့အခါ တက္ကသိုလ်မှာ ၄ နှစ်ဒီဂရီရဖို့ပြန်တက်ခဲ့တယ်။ ဆန်းဒဝစ်ချ်တွေကို ဒလီလုပ်တဲ့လုပ်ငန်းမှာဝင်လုပ်တယ်။ ရည်မှန်းချက်ကတော့ ဆေးစွဲသူတွေကို ကုသပေးတဲ့စိတ်ပညာရှင်ဖြစ်လာဖို့ပါပဲ။ ၂၀၁၅ခုနှစ်မှာ မာစတာဘွဲ့ရပါတယ်။ ပြီးတော့ပီအိတ်ချ်ဒီဒေါက်တာဘွဲ့ကိုရပါတယ်။ ဆေးစွဲသူတွေကိုကူညီပေးတယ်။

လူ့အဖွဲ့အစည်းရဲ့ဆေးစွဲသူတွေအပေါ်မှာထားရှိခဲ့တဲ့အမြင်ဟောင်းကို ပြောင်းလဲပစ်ဖို့သူမကြိုးစားတယ်။ အယူအဆဟောင်းကတော့ ဆေးစွဲသူတွေကိုမကျန်းမာသူအဖြစ်မမြင်ဘဲ စာရိတ္တဖောက်ပြန်သူအဖြစ်မြင်ခဲ့ကြတာပါ။

သူ့အမေနဲ့ပထွေးတို့ကွယ်လွန်ပြီးချိန်မှာပဲ စမစ်ကိုဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ကတွဲဖက်ပါမောက္ခ အဖြစ်ခန့်အပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သူမကိုခရိုင်တရားရုံးက ဆေးစွဲသူတွေအကြောင်း ဟောပြောပွဲတစ်ခုအတွက်ဖိတ်ခဲ့ပါတယ်။ ဒီပွဲမှာပဲသူမကိုတရားစီရင်ခဲ့တဲ့တရားသူကြီးနဲ့ပြန်တွေ့ခဲ့တာပါ။

တရားသူကြီးဟာတိတ်ဆိတ်ပြီး နွေးထွေးတဲ့အပြုံးပိုင်ရှင်ပါ။ တရားသူကြီးကိုပြန်တွေ့ရတာစိတ်အရမ်းလှုပ်ရှားမိတယ်လို့ စမစ်က တရားသူကြီးရဲ့ဇနီးကိုပြောပြပါတယ်။ တရားသူကြီးဇနီးရဲ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပါတဲ့။

ကာစတန်စမစ်ကမိန်းခွန်းပြောတဲ့အခါ အခုလိုပြောပါတယ်။
“ဒီအခန်းထဲမှာရှိတဲ့သူတွေဟာ သဘောထားတင်းမာသူတွေ၊ ခေါင်းမာသူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းမာတာကိုမှန်ကန်တဲ့ဦးတည်ချက်ဆီကိုပြောင်းနိုင်ရင်တော့ အင်မတန်အားကောင်းတဲ့စွမ်းအားကို ရမှာပါ”။

(The Guardian က From Bank Rober to Scholar နဲ့ John Hopkinsတက္ကသိုလ်Websiteတို့က သတင်းအချက်အလက်တွေကိုယူပြီးပြန်ရေးပါတယ်)

သူ

The Tanintharyi Times