ကျားဖြန့် သားကောင်ဘဝ က လွတ်မြောက်လာသူ

ကျားဖြန့် သားကောင်ဘဝ က လွတ်မြောက်လာသူ

အင်တာနက်ပေါ်က လိမ်လည်သူတွေ (ဝါ) ကျားဖြန့်တွေဟာ အမေရိကန်နိုင်ငံသားတွေဆီကနေ နှစ်စဥ် ကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ခိုးယူနေပါတယ်။ အဆိုပါ ကျားဖြန့်ဂိုဏ်းတွေ ရုံးစိုက်ရာ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံရဲ့ အလုပ်ခန်းတစ်ခုမှာ ဆိုရင် ဒါဇင်နဲ့ ချီတဲ့ ကျားဖြန့်လုပ်သား လူလိမ်တွေ နေ့ညမပြတ် အလုပ်လုပ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

သူတို့ဟာ စုံတွဲရှာဖွေရေး အက်ပ်များစွာ အသုံးပြုပြီး တစ်ဖက်က အင်တာနက်သုံးစွဲသူတွေကို လိမ်လည်ဖို့ ကြိုးစားမယ်။ တစ်ဖက်လူက ယုံကြည်ပြီးလွှဲလိုက်တဲ့ ငွေကြေးတွေ သူတို့ဆီကို ရောက်ရှိတဲ့ အကြိမ်တိုင်း လိမ်လည်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အနေနဲ့ အခန်းထဲက ဒရမ်ကြီးတစ်ခုကို ကျယ်ကျယ်လောင်လောင် တီးခတ်ပြီး အောင်ပွဲခံလေ့ရှိပါတယ်။

“ဒီလို အချိန်မျိုးဆို တကယ့်ကို ဂုဏ်ယူစရာ အခမ်းအနား တစ်ခုလိုပဲ” လို့ အသက် ၃၂ နှစ်အရွယ် ယူဂန်ဒါနိုင်ငံသား မစ္စတာ ဂျလီယယ် မူယက်ကီ Jalil Muyeke က ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံအတွင်းမှာ ကျကျနနတည်ဆောက်ထားတဲ့ ကျားဖြန့်မြို့တော်တစ်ခုကို ကျားဖြန့်လုပ်သားဘဝနဲ့ ရောက်ရှိခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြနေတာပါ။

လူလိမ်အလုပ်ကို လုပ်ခဲ့ရတဲ့ မစ္စတာ ဂျလီယယ်မူယက်ကီ ကိုယ်တိုင်ကလည်း ကျားဖြန့်လုပ်ငန်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူပါပဲ။ သူ့ဘဏ်အကောင့်ထဲက ပိုက်ဆံကို လိမ်ယူသွားခံရတဲ့ ကျားဖြန့်သားကောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သူ့ဘဝကို ခုနှစ်လလောက် ခိုးယူထားပြီး လိမ်လည်မှုတွေကို အတင်းအဓမ္မ လုပ်စေတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာနဲ့အဝှမ်း လူပေါင်း သိန်းချီကို လိမ်လည်ဖြားယောင်းထားပြီး ဖြစ်ပါတယ်။ မစ္စတာမူယက်ကီ အလိမ်ခံရပုံကတော့ သူ့ကို လစာကောင်းတဲ့ အလုပ်အကိုင်တစ်ခုပေးမယ်လို့ အသိမိတ်ဆွေတစ်ဦးက ကမ်းလှမ်းပြီး ထောင်ချောက်ဆင်ခဲ့တာပါ။ ဒီအလုပ်ကို လက်ခံလိုက်တာကြောင့် သူနေထိုင်ရာ အရပ်ကနေ မိုင်များစွာ ဝေးကွာတဲ့ ဒေသကို ရောက်ရှိခဲ့တယ်။

သူရောက်ရှိခဲ့တဲ့ ကျားဖြန့်မြို့တော်ကတော့ အရှေ့တောင်အာရှက မြန်မာနိုင်ငံဖြစ်ပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်ဦးရွက်ပြု လှုပ်ရှားနေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ တကယ့် စက်မှုဇုန်တစ်ခုလို အကြီးအကျယ် လည်ပတ်နေတာဖြစ်ပါတယ်။ ကျားဖြန့်လုပ်သားအနေနဲ့ သူ့ကို အဲ့နေရာမှာပဲ ကာလကြာရှည် ပိတ်လှောင်ခိုင်းစေခဲ့ပါတယ်။

ဒီကျားဖြန့်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ချိန်က ပိတ်ထားရတဲ့ ကာစီနိုတွေအတွက် အစားထိုး ပေါ်ပေါက်လာတဲ့ ငွေလိမ်လည်ရေး နည်းအသစ်တွေဖြစ်ပါတယ်။

အရင်ကာစီနိုခေတ်ကတည်းက အလုပ်သမားအများစုဟာ လူကုန်ကူးခံရပြီး ရောက်ရှိလာခဲ့ကြသူတွေဖြစ်ပါတယ်။ ကျားဖြန့်လုပ်သားတွေဟာ မကြာခဏ ဆိုသလို အပြင်းအထန်ရိုက်နှက် နှိပ်စက်မှုတွေ၊ လျှပ်စစ်ရှော့တိုက် ဒဏ်ပေးမှုတွေနဲ့ အလွန်ဆိုးရွားတဲ့ ညှဥ်းပန်းမှုတွေအထိ လုပ်ဆောင်ခံရပါတယ်။

“အင်အားကြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေက ကျူးလွန်နေကြတဲ့ ဒီလိုအွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ အခုဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပျမ်းမျှ GDP (ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး) ထက်ကို များပြားတဲ့ ပမာဏ ရရှိနေကြပြီ” လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ ဒေသတွင်း သုတေသီ Mr John Wojcik က ပြောပါတယ်။

ကျားဖြန့်ခေါင်းဆောင်တွေက မစ္စတာမူယက်ကီကို ဘယ်လိုလိမ်ညာလှည့်ဖြားရမလဲဆိုတာနဲ့ ပတ်သက်ပြီး လမ်းညွှန်ကြပါတယ်။ ကျားဖြန့်လုပ်သားတွေဟာ သူတို့‌ ငွေလိမ်လို့ ရနိုင်မယ့်လူတွေနဲ့ ပထမဦးစွာ ယုံကြည်မှု တည်ဆောက်ကြရပါတယ်။ ရိုမန်းတစ်ဖြစ်ဖွယ် ချစ်ဖော်တစ်ဦးအနေနဲ့ အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးရတာမျိုးရှိသလို ယုံကြည်စရာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်အနေနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး အရင်ဆုံး တည်ဆောက်ကြရပါတယ်။ ယုံကြည်မှုတည်ဆောက်ပြီး အပြန်အလှန်ရင်းနှီးသွားကြတဲ့ အခါမှာတော့ Crypto လိုမျိုး အွန်လိုင်းငွေကြေးဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ မြူဆွယ်ရပါတယ်။ ဒီအတွက် တရားဝင်မှုရှိသယောင်ဖန်တီးထားတဲ့ အက်ပ်တစ်ခုထဲကို ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေ ထည့်ဖို့ အကြံပြုရပါတယ်။
တစ်ဖက်က သားကောင်တွေက ငွေလွှဲပြီးတာနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာသယောင် အမြတ်ငွေတွေ ဖော်ပြပြီး ငွေတွေပိုတိုးပြီး ထပ်ထည့်စေပါတယ်။ သားကောင်တွေက အက်ပ်ထဲမှာရှိတဲ့ သူတို့ကိုယ်ပိုင် အကောင့်တွေကို ကြည့်တဲ့အခါတိုင်း အမြတ်ငွေတွေ တိုးလာတာကိုပဲ မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မသိတာက ဒီငွေတွေကို ငွေသားအဖြစ် ဘယ်နေရာကမှ ထုတ်လို့မရဘူး ဆိုတာပါပဲ။ သူတို့ထည့်လိုက်တဲ့ ငွေတွေကို ကျားဖြန်လုပ်ငန်းတွေကပဲ ကိုင်တွယ်ထုတ်ယူလိုက်ပြီး ဖြစ်ပါတယ်။
ဒီအချက်ကို သဘောပေါက်သွားတဲ့ အလိမ်ခံရသူတွေဟာ ‌ငွေရေးအရရော စိတ်ပိုင်းဆိုင်ရာမှာပါ ဆိုးဆိုးရွားရွား ထိခိုက်ကြပါတယ်။ ဒါပေမဲ့ ကျားဖြန့်ဂိုဏ်းတွေကတော့ လိမ်လည်ရေး လုပ်ငန်းတွေကို ပိုတိုး၍သာ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်.

▪️မထင်မှတ်ဘဲ ထွက်ခဲ့ရတဲ့ ခရီးတစ်ခု
ပြီးခဲ့တဲ့ နွေရာသီက ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၆ လ စာချုပ်နဲ့ လုပ်ရမယ့် အလုပ်တစ်ခုရှိတယ်လို့ မစ္စတာမူယက်ကီကို အကြောင်းကြားခဲ့ပါတယ်။ တစ်လအတွက် လုပ်ခလစာ ကန်ဒေါ်လာ ၂၅၀၀ ရမှာဖြစ်ပြီး အဓိကလုပ်ဆောင်ရမှာကတော့ ဒေတာစာရင်းသွင်းခြင်းနဲ့ အွန်လိုင်းမားကတ်တင်း/ ဈေးကွက်ရှာဖွေခြင်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလစာ ပမာဏဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုမှာ နေထိုင်သူအတွက် အတော်လေး ဆွဲဆောင်မှု ရှိတဲ့ ပမာဏ ဖြစ်တာကြောင့် ကိုယ်ဝန်လွယ်ထားရတဲ့ သူတို့ချစ်သူစုံတွဲအတွက် သာယာချောမွေ့တဲ့ မိသားစုဘဝတည်ဆောက်ရေး အထောက်အပံ့တစ်ခုပဲလို့ မစ္စတာမူယက်ကီ ထင်မှတ်ခဲ့ပါတယ်။

“အဲ့အချိန်က တွေးခဲ့တာကတော့ ဒီခြောက်လ အလုပ်သွားလုပ်နေချိန်မှာ ကလေးမီးဖွားချိန်မှာတော့ သူ့အနားမှာ ကိုယ်မရှိပေးနိုင်ဘူး။ ဒါပေမဲ့ ခြောက်လပြီးလို့ ပြန်လာတာနဲ့ ကလေးငယ်ကို ပြုစုပျိုးထောင်ဖို့ ကလေးအနာဂတ်ကို ကောင်းကောင်းကြည့်ပေးနိုင်မယ်လို့ တွေးခဲ့တယ်” လို့ မစ္စတာ မူယက်ကီက ဆိုပါတယ်။

သူကိုယ်တိုင်ကလည်း ကျောင်းဆရာမိဘနှစ်ဦးရဲ့ သား ဖြစ်သလို ဘန်ကောက်ကို မထွက်လာခင်က ယူဂန်ဒါနိုင်ငံ ကမ်ပါလာ မြို့မှာ မွေ့ယာအရောင်းကြီးကြပ်သူ အဖြစ် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လေယာဥ်ဆိုက်ပြီးတာနဲ့ သူတို့ဓာတ်ပုံတွေကို အဆင်သင့်ရရှိထားတဲ့ ထိုင်းရဲအရာရှိက သူတို့ကို တကူးတက စောင့်ဆိုင်းနေပြီး နိုင်ငံကူးလက်မှတ်တွေကို တံဆိပ်တုံးထုလိုက်ပါတယ်။ ပြီးတော့ ထွက်ခွာရမယ့် အပေါက်ကို သူက ညွှန်ပြလိုက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ယာဥ်မောင်းတစ်ဦးက သူတို့ကို ကားနဲ့ တင်ခေါ်သွားပါတယ်။

အဲဒီနောက် တစ်ခုခု မှားနေပြီး ဖြစ်ကြောင်း သူတို့ သတိထားမိသွားတယ်။

သူတို့ တစ်နာရီကျော်ကြာ စီးနင်းရမယ်လို့ ယာဥ်မောင်းက ဘာသာပြန် အက်ပ်တစ်ခုသုံးပြီး အသိပေးပါတယ်။ မစ္စတာမူယက်ကီသိထားတာက လေယာဥ်ကွင်းကနေ ဘန်ကောက်မြို့ထဲကို မိနစ်အနည်းငယ်သာ သွားရတာပါ။ အဲဒီနောက် မိုဘိုင်းဖုန်းအသုံးပြုလို့လည်းမရဘဲ taxi နောက်ခန်းထဲမှာ သူစတင် ကြောက်စိတ်ဝင်လာပါတယ်။

သူတို့သုံးဦးဟာ နောက်ထပ် ရှစ်နာရီကြာ ခရီးနှင်ခဲ့ကြပါတယ်။ ညသန်းခေါင်လောက်မှာ စားသောက်ဆိုင်တစ်ခုမှာ ရပ်နား ညစာစားပြီးနောက် ဟိုတယ်တစ်ခုကို မောင်းခဲ့တယ်။ မစ္စတာမူယက်ကီက သူ့အိပ်ရာကို တံခါးရှေ့နား ဆွဲယူပြီး နေရာအစိမ်းတစ်ခုမှာ တစ်ညတာ ကုန်ဆုံးခဲ့ရတယ်။

နောက်နေ့မနက်မှာတော့ သူတို့က မြန်မာနဲ့ ထိုင်းနယ်စပ်က သောင်ရင်းမြစ်ဆီရောက်လာတယ်။ အမျိုးသားတစ်ဦးက သူ့တို့အိတ်တွေကို ဆွဲယူပြီး စက်လှေတစ်စင်းပေါ် ပစ်တင်လိုက်တယ်။ မြစ်ကြောတလျှောက် ဖြတ်လာစဥ်မှာ အဆောက်အအုံအဟောင်းတစ်ခုနဲ့ လက်နက်ကိုင်ထားတဲ့ လူတစ်စုကို တွေ့လိုက်ရတယ်။

“အဲဒီတုန်းက စိတ်နဲ့ကိုယ်နဲ့ တခြားစီဖြစ်ပြီး လိပ်ပြာလွင့်မတတ် ကြောက်ခဲ့ရတယ်” လို့ သူက ဆက်ပြောတယ်။

ဒီလိုနဲ့ မြစ်တစ်ဖက်ကမ်းကို ရောက်လာတဲ့အခါ နောက်ထပ်ကားတစ်စီးပေါ်ကို တက်ခိုင်းတယ်။ အဲဒီနေရာမှာ သေနတ်ကိုင်ထားတဲ့ အမျိုးသားတွေ တော်တော်များများရှိတယ်။

ဒီအချိန်အထိ သူဘယ်နေရာကို ရောက်နေမှန်း သူမသိသေးပါဘူး။ သူ့စိတ်တွေ ခြောက်ခြားလွန်းခဲ့တယ်။ သူအရင်က ကြားထားဖူးတဲ့ အဆိုးရွားဆုံး အဖြစ်အပျက်တွေ တွေ့ရတော့မလား (ဒါမှမဟုတ်) သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ရောင်းစားဖို့ လူကုန်ကူးခံရတာလား…စသဖြင့် ဖြစ်နိုင်ချေတွေ တွေးနေခဲ့တယ်။

“ငါ့ခေါင်းထဲတော့ ဘာပဲဖြစ်လာဖြစ်လာ လက်ခံရတော့မှာပဲလို့ ဆုံးဖြတ်လိုက်တယ်” လို့ သူက ဆက်ပြောတယ်။

တချိန်တည်းမှာပဲ ခရီးစဥ်တလျှောက် သံသယဖြစ်စရာတွေ ပြန်တွေးကြည့်နေမိတယ်။ ဥပမာ-သူရခဲ့တဲ့ ဗီဇာက ၃ လ သက်တမ်းရှိတဲ့ ခရီးသွားဗီဇာပဲ။ တကယ်က သူလာတာက ၆ လတာ အလုပ်လုပ်ဖို့အတွက်။ ဒါပေမဲ့ သူ့သူငယ်ချင်းက နောက်ပိုင်းမှာ သက်တမ်းပြန်တိုးလို့ ရတယ်လို့ သူ့ကိုပြောခဲ့တယ်။

ဒီလိုနဲ့ Dong Feng လို့ လူအများသိကြတဲ့ ဝန်းကြီးတစ်ခုထဲကို မစ္စတာ မူယက်ကီ ရောက်လာတယ်။ အဲဒီ့အိမ်ရာဝန်းထဲက ရုံးခန်းတစ်ခုထဲ သူ့ကိုခေါ်သွားတယ်။ အထဲမှာ တရုတ်မန်နေဂျာတစ်ဦး ရှိတယ်။ အရာရာက အစိမ်းသတ်သတ် ဖြစ်နေတာကြောင့် သူ မသက်မသာ ခံစားနေရစဥ်မှာ သူ့ရဲ့ ယူဂန်ဒါနိုင်ငံသား အလုပ်ခန့်သူကို တွေ့လိုက်ရတာကြောင့် နည်းနည်း နေသာသွားတယ်။ သူက ဒီကုမ္ပဏီရဲ့ ဘာသာပြန်အနေနဲ့ အလုပ်လုပ်နေတာ။

“ဘယ်သူမှ မင်းကို မသတ်ဘူး။ ဘယ်သူမှ မင်းဆီက ကျောက်ကပ်တွေ မထုတ်ဘူး” လို့ သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်တယ်။

အဲဒီနောက် သူ့ကို စာရွက်စာတမ်းတစ်ခုမှာ လက်မှတ်ထိုးခိုင်းတယ်။ အထဲက အကြောင်းအရာတွေမှာ ဒီနေရာကို သူ့သဘောဆန္ဒနဲ့ လိုလိုချင်ချင် လာခဲ့ကြောင်း ပါဝင်တယ်။ ပြီးတော့ သွေးနမူနာယူတယ်။ HIV နဲ့ အခြားရောဂါတွေ စစ်ဆေးမှာလို့ ပြောတယ်။ ပြီးတာနဲ့ ဈေးတစ်ခုကို သွားပြီး တစ်လက်မ အထူရှိတဲ့ မွေ့ယာတစ်ခုနဲ့ ဖိနပ်ပါးတစ်ရန် အပါအဝင် အခြားအခြေခံအသုံးအဆောင်တချို့ ဝယ်ယူခဲ့တယ်။

“နံရံတံတိုင်းအတွင်းဘက်မှာ တကယ့်ကို ရွာတစ်ရွာ တည်ဆောက်ထားတာ။ ဈေးကလည်း အထဲမှာပဲ” လို့ မစ္စတာမူယက်ကီက ရှင်းပြတယ်။

သူနဲ့ အတူပါလာခဲ့တဲ့ အဖော်တို့ကို ကုတင်လေးခုပါတဲ့ အိပ်ခန်းငယ်တစ်ခုမှာ ထားတယ်။ ဒီအခန်းက မကြာခင်မှာပဲ လူတွေပြည့်သိပ်လာပြီး နေရာအလွတ်မရှိလောက် ဖြစ်သွားတယ်။ သူ့ကို ဆက်သွယ်အလုပ်ခန့်ခဲ့တဲ့ ယူဂန်ဒါနိုင်ငံသားလည်း သူတို့နဲ့ အတူနေတယ်။

“ငါတကယ်စိတ်မကောင်းပါဘူး။ ဒီနေရာမှာ ပိုက်ဆံတချို့ရအောင်လုပ်ပြီးရင် အိမ်ကိုပြန်နိုင်မှာပါ” လို့ သူက ပြောတယ်။ အဲ့လိုဆိုတော့ သူ့စိတ်ထဲ ကြေကွဲသွားပြန်တယ်။

နောက်တစ်နေ့မှာ မန်နေဂျာရုံးခန်းကို သူသွားရတယ်။ ပြီးတော့ သူမဖတ်တတ်တဲ့ တရုတ်ဘာသာစကားနဲ့ ရေးထားတဲ့ စာချုပ်တစ်ခုသူ့ကိုပေးလိုက်တယ်။ စာချုပ်က သူ့အတွက် ခရီးစရိတ်ကို ကုမ္ပဏီက ပေးဆောင်ခဲ့ရတာကြောင့် ၆ လစာ အလုပ်သက်တမ်းအတွက် တစ်လကို ကန်ဒေါ်လာ ၄၀၀ သာ လုပ်ခလစာ ရတော့မယ်လို့ သိရတယ်။ အရင်က ပြောခဲ့တဲ့ ဒေါ်လာ ၂၅၀၀ ဆိုတာ လေထဲမှာ ပျောက်သွားပါတယ်။

ဒီအတွက်ကြောင့် အစပိုင်းမှာ သူလက်မခံဘဲ ငြင်းဆန်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ စကားပြန်က သူ့ကို ဒီလိုမလုပ်ဖို့ သတိပေးတယ်။

“သူက ကျုပ်ကိုပြောတယ်။ မိတ်ဆွေရေ…ဒီနေရာမှာ ဘာကမှ အမြင်နဲ့ လက်တွေ့ မကိုက်ညီဘူး။ မင်း လက်မှတ်ထိုးမှ ဖြစ်မယ်။ မဟုတ်ရင် ဒီလူတွေက မင်းကို ဆိုးဆိုးရွားရွား ပြုမူလိမ့်မယ်” လို့ ပြောတယ်။

မန်နေဂျာရုံးခန်းက ပြန်မထွက်ခင်မှာ စကားပြန်ကို မန်နေဂျာက မစ္စတာ မူယက်ကီ သူဘယ်လို အလုပ်တွေလုပ်ရမလဲဆိုတာ သိပြီးပြီလား” လို့ မေးတယ်။

“အွန်လိုင်းမားကတ်ကင်းနဲ့ ဒေတာကောက်ယူတာတွေ လုပ်ရမှာ မဟုတ်လား” လို့ သူကဖြေတော့

“ဒီနေရာမှာ တို့က အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်နေတာပဲ” လို့ မန်‌နေဂျာက အမှန်အတိုင်းပြောတယ်။

“အခုက တတိယကမ္ဘာစစ်ပဲ” တဲ့။

▪️ အသက်ရှင်ကျန်ဖို့အတွက် လိမ်ရပြီ (Scamming For Survival)
မစ္စတာ မူယက်ကီရဲ့ အလုပ်လုပ်ချိန်ဟာ တစ်နေ့တာမှာ ည ၈ နာရီကနေ စပါတယ်။ ကမ္ဘာတစ်ဖက်ခြမ်းက သူအဓိက လိမ်လည်ရသူတွေ နံနက်ခင်းကော်ဖီသောက်ချိန်လောက်ကို အချိန်ကိုက် တွက်ဆပြီး အလုပ်ဆင်းရတာပါ။

အလုပ်အတွက် လက်ပ်တော့တစ်လုံးနဲ့ iPhone သုံးလုံး ရတယ်။ အားလုံးမှာ ရှိသမျှသော စုံတွဲရှာ အက်ပ်မျိုးစုံ ထည့်သွင်းထားရပြီး ပရိုဖိုင်ဓာတ်ပုံအတွက် ဆွဲဆောင်မှုရှိတဲ့ပုံတစ်ပုံ တင်ထားရပါတယ်။ သူကတော့ မကြာခဏဆိုသလို ဟိုတယ်အကောင်းစားကြီးတွေနဲ့ ကမ်းခြေလှလှမှာ ဓာတ်ပုံရိုက်တင်လေ့ရှိတဲ့ ဆန်ဖရန်စစ္စကိုမြို့က Russian Hill ရပ်ကွက်မှာ နေထိုင်သူ လှပတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ် ဟန်ဆောင်ရပါတယ်။ သူမဟာ Crypto ကြောင့် ချမ်းသာသထက် ချမ်းသာလာတဲ့ ပုံစံ မြင်သာအောင် ပုံဖော်ရပါတယ်။

သူအသုံးပြုရတဲ့ ပရိုဖိုင် အလှပုံဟာ စုံတွဲရှာဖွေရေးအက်ပ်တွေနဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ အများစု အသုံးပြုလေ့ရှိတဲ့ ဓာတ်ပုံဖြစ်ကြောင်းနဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင် အမေရိကန်နိုင်ငံသားတွေဆီက ခန့်မှန်းငွေ ကန်ဒေါ်လာ ၆၅၂ သန်း လိမ်လည်ခဲ့တဲ့ ပရိုဖိုင်ပုံဖြစ်တယ်လို့ US Federal Bureau of Investigation’s Internet Crime Complaint Centre အရ သိရပါတယ်။

ဖက်ရှင်ဒီဇိုင်နာ ဇာတ်ကောင်အတွက် အသုံးပြုခဲ့တဲ့ ဓာတ်ပုံပိုင်ရှင် အမျိုးသမီးဟာ ဥဇဘက်ကစ္စတန် (Uzbekistan) နိုင်ငံက ဖြစ်ပြီး သူ့ကိုလည်း လစာကောင်းအလုပ်အတုတစ်ခုကမ်းလှမ်းခံရပြီးနောက် ကျားဖြန့်လုပ်ငန်းတွေအတွက် အလုပ်လုပ်ပေးရသူ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာလည်း ကျားဖြန့်တွေတည်ဆောက်ထားတဲ့ တံတိုင်းအတွင်းမှာ ရှိနေပြီး လိုအပ်ပါက ဗီဒီရို၊ အသံခေါ်ဆိုမှုတွေနဲ့ အခြားဓာတ်ပုံတွေ ထပ်မံရိုက်ကူးပေးရပါတယ်။

မစ္စတာမူယက်ကီကို တာဝန်ပေးထားကတော့ အမေရိကန်နဲ့ ကနေဒါက အမျိုးသားတွေကို ရှာဖွေချိတ်ဆက်ဖို့ ဖြစ်ပြီး လူဖြူတွေနဲ့ အသက် ၄၀ ကျော်သူတွေကို ဦးစားပေးရပါတယ်။ အကြောင်းကတော့ ဒီလူတွေဟာ ဘဝမှာ အလုပ်လုပ်ပြီး လက်ဆုပ်လက်ကိုင် ပြစရာ စုငွေတွေ ရှိကြလို့ပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဦးစားပေးရှာဖွေရသူတွေက သူ့တို့မှာ ငွေရေးကြေးရေးအတွက် စုမိဆောင်းမိ ရှိတာသေချာနေတဲ့ အသက်အရွယ်တွေကိုပဲ” လို့ သူက ပြောပါတယ်။

သူတို့နဲ့ စကားပြောနေစဥ်ကာလတွေမှာ သေချာပြင်ဆင်ထားပြီးသား ဇာတ်ညွှန်းအတိုင်း ပြောဆိုရပါတယ်။ WhatsApp တို့ Telegram တို့ကို သုံးပြီး တစ်နေ့ကို အနည်းဆုံး ၂ ယောက်လောက်ကို ရှာဖွေပြီး စကားပြောနေရတယ်။ သူတို့ဆီက ဖုန်းနံပါတ်တောင်းဖို့ ကြိုးစားရတယ်။ သူတို့နဲ့ အချစ်ဇာတ်လမ်းတည်ဆောက်ဖို့ ဦးတည်ပြောဆိုရတယ်။

ဒီလိုနဲ့ ပစ်မှတ်က သူတို့ရဲ့ နံပါတ်တွေပေးလာတဲ့အခါမှာတော့ သူတို့စကားပြောထားတဲ့ အပြန်အလှန်စကားဝိုင်းအားလုံးကို မှတ်တမ်းယူပြီး နောက်တဆင့်တက်ပြီး လိမ်လည်သွားမယ့်သူဆီကို လွှဲပြောင်းပေးရတယ်။ နောက်ကျားဖြန့်လုပ်သားက ဆက်ပြီးတော့ စကားပြောသွားပြီး အဆင့်ထပ်တက်ဖို့ တာဝန်ယူရပါတယ်။

“အဲဒီ့ကို ရောက်သွားမိတဲ့သူ အများစုက ဒီလိမ်လည်မှုတွေကို လုပ်နေကြရတာဟာ သူတို့ရဲ့ အသက်ရှင်မှုအတွက်ပဲ။ စိတ်ရင်းအတိုင်းဆို ဘယ်သူ့ကိုမှ မလိမ်လည်ချင်ကြဘူး။ ဒါပေမဲ့ သူတို့လက်ထဲရောက်သွားရင် ထောင်ကျသွားသလိုပဲ။ ကိုယ့်အချိန်ကိုယ်မပိုင်တော့ဘူး။ ကိုယ်သွားချင်တဲ့ဆီသွားခွင့်မရတော့ဘူး” လို့ သူက ငြီးတွားပါတယ်။

သူဟာ အဲဒီ့မှာ တစ်ပတ်ကို ၇ ရက်လုံး အလုပ်လုပ်ရပါတယ်။ အလုပ်စချိန်ကနေ ၁၇ နာရီ ဆက်တိုက် ထိုင်ရတယ်လို့ ဆိုပါတယ်။

“သူတို့သဘောက အလုပ်သမားတွေ အလုပ်ဖြစ်အောင် မလုပ်မချင်း တတ်နိုင်သ‌လောက်ကြာကြာ ဆွဲခေါ်ထားမယ့် သဘောရှိတယ်” လို့ သူက ပြောပါတယ်။

▪️လွတ်မြောက်ခြင်း
လေးလကြာပြီးနောက်မှာတော့ မစ္စတာ မူယက်ကီက သူလိမ်လည်ထားသူတွေကို လိမ်လည်ခဲ့ကြောင်း သတိပေးစာတွေ ပို့ခဲ့ပြီး ဘယ်သူမှ ခြေရာမခံမိအောင် ချက်ချင်းပြန်ဖျက်လေ့ရှိပါတယ်။

ဒီအတွက် ပစ်မှတ်တွေ လွတ်လာများလာတဲ့အခါမှာတော့ မန်နေဂျာကသူ့ကို ဒဏ်ပေးပါတယ်။ ဒိုက်ထိုးရတာ၊ အချိန်ပိုဆင်းရတာတွေအပြင် ကားပါကင်မှာ ပြေးရတာတွေ လုပ်ခဲ့ရပါတယ်။

ငါးလမြောက်မှာတော့ သူတို့လုပ်ငန်းကို လက်ရှိအလုပ်သမားတွေနဲ့အတူ အခြားပိုတင်းကျပ်တဲ့ အလုပ်ရှင်တစ်ဦးထံ ရောင်းချလိုက်တယ်လို့ သိရပါတယ်။ ပိုင်ရှင်အသစ်က သူတို့ကို အသေးအဖွဲကလေးကအစ ဒဏ်ရိုက်ပါတယ်။ ရေချိုးခန်းကို ငါးမိနစ်ထက်ပိုအသုံးပြုခြင်းအပါအဝင် အသေးအမွှားကိစ္စတွေကအစ ဒဏ်ကြေးကောက်ပါတယ်။

သူတို့လိုပဲ ရောက်လာတဲ့ တရုတ်နိုင်ငံသားကျားဖြန့်အလုပ်သမား ဆယ်ကျော်သက် တစ်ဦးကို ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့ပြီး အလုပ်ခန်းထဲကို ပြန်လာချိန်မှာတော့ အဆိုပါလူငယ်ရဲ့ လက်သည်းတွေ ပြန်ပါမလာတော့ပါဘူး။

ဒီလုပ်ရပ်ကို အထိတ်တလန့်ဖြစ်မိတဲ့ မစ္စတာ မူယက်ကီက သူ့ကိုခေါ်ဆောင်လာသူတွေနဲ့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ်။ သူ့ကို ဒီနေရာကနေ သွားခွင့်ပေးမယ်ဆိုရင် နေမကောင်းဖြစ်နေတဲ့ ယူဂန်ဒါအမျိုးသမီးတစ်ဦးကို သူနဲ့အတူ ပြန်ခေါ်သွားပြီး သူတို့အတွက် ဆေးကုပေးရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု သက်သာစေမယ်လို့ ညှိပါတယ်။

မထင်မှတ်ထားဘဲ သူတို့က သဘောတူခဲ့တယ်။ ဒီလိုနဲ့ သူရောက်လာပြီး ၇ လအကြာမှာတော့ နောက်နှစ်ဖေဖော်ဝါရီလမှာ သူ့ကိုအိမ်ပြန်ခွင့်ပေးခဲ့ကြတယ်။

ဒါပေမဲ့ သူတကယ် မလွတ်မြောက်သေးပါဘူး။ သူနဲ့ အမျိုးသမီးနှစ်ယောက်ကို ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်က ဘတ်စ်ကားမှတ်တိုင်မှာ ချန်ရစ်ခဲ့ကြတယ်။ သူ့မှာ သက်တမ်းကုန်သွားတဲ့ ဗီဇာနဲ့ အမေရိကန်ဒေါ်လာ ၈၁၀ သာ ကျန်တော့တယ်။ ဒီတော့ သူတို့က နိုင်ငံတစ်ခုထဲဝင်ဖို့ တရားမဝင်သူတွေ ဖြစ်နေကြပြီ။

မလွတ်ခင်ကတည်းက လေ့လာထားတဲ့ အချက်အလက်တွေအရ the International Organisation for Migration ဆိုတဲ့ အစိုးရတွေအကြား ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ကို ဆက်သွယ်ခဲ့တယ်။ အဖွဲ့ရဲ့အကြံပြုချက်အရ လုံခြုံမယ်ထင်ရတဲ့ ဟိုတယ်တစ်ခုမှာ ယာယီတည်းခိုလိုက်ရတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဒုက္ခသည်တွေကို ကူညီတဲ့ လမ်းစဥ်တွေရှိပေမယ့် ဒီအတွက် စုံစမ်းစစ်ဆေးမှုက နှစ်လလောက်ကြာနိုင်ပြီး တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး အပြစ်ကင်းသူ ဖြစ်၊မဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်သားဖြစ်ရသူတိုင်းဟာ အမြဲတမ်း လူကုန်ကူးခံရသူတွေ၊ “အဓမ္မဖိအားပေးမှုကြောင့် ရာဇဝတ်မှုကျူးလွန်ရသူတွေ” လို့ အလွယ်သတ်မှတ်လေ့မရှိဘူးလို့ the Humanity Research Consultancy က ထောက်ပြထားပါတယ်။

“အပြစ်မရှိကြောင်း သက်သေပြဖို့ကလည်း သားကောင်ဖြစ်ရသူတွေအတွက် နောက်ထပ်ဝန်ထုပ်ဝန်ပိုးပဲ” လို့ တိုင်ပင်ခံလုပ်ငန်း ဒါရိုက်တာ Ms Mina Chiang က ရှင်းပြပါတယ်။

ဆက်လက်ပြီး သူတို့မှာ လူကုန်ကူးခံရကြောင်း လုံလောက်တဲ့ သက်သေပြနိုင်မှာ မဟုတ်ကြောင်းနဲ့ အခုလက်ရှိနေရာမှာ ဆက်နေဖို့လည်း အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

အဲ့ဒါကြောင့် သူတို့အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ကိုယ်တိုင်ပဲသွားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးကိုရောက်တဲ့အခါ အာဏာပိုင်တွေက သူတို့လို အမှုတွေ နေ့စဥ်နဲ့အမျှ ကြုံနေရတယ်လို့ ဆိုကာ အချုပ်ခန်းတစ်ခုမှာ တစ်ညတာ ချုပ်ထားခဲ့ပါတယ်။

နောက်တစ်နေ့ နံနက်မှာတော့ တရားရုံးကို ခေါ်ဆောင်သွားပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုကြောင့် မစ္စတာ မူယက်ကီနဲ့ အဖော်အမျိုးသမီး နှစ်ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၄ ဒေါ်လာစီ ဒဏ်‌ငွေကောက်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့အတွက် လေယာဥ်ခရီးစဥ် မရှိသေးပါဘူး။ သူတို့ကို မဲဆောက်က ထိန်းသိမ်းရေးစခန်းမှာ တစ်ပတ်ခန့် အကျဥ်းချခဲ့ရပြီးနောက် ဘန်ကောက်ရှိ နောက်ထပ်စင်တာတစ်ခုကို လွှဲပြောင်းလိုက်ပါတယ်။ ဘန်ကောက်ရောက်ချိန်မှာတော့ ကျန်အမျိုးသမီးတွေနဲ့ အဆက်ပြတ်သွားသလို ဖုန်းအသုံးပြုခွင့်လည်း မရတော့ပါဘူး။

ဒီလိုနဲ့ ရက်သတ္တပတ် ၃ ပတ်လောက် အကျဥ်းချခံရပြီးနောက်မှာတော့ သူ့ကံကြမ္မာပြောင်းလဲဖို့ ဖြစ်လာပါတယ်။ အဖော်အကျဥ်းသားတစ်ဦးရဲ့ ဇနီးသည်က ဖုန်းတစ်လုံး ခိုးသွင်းခဲ့တာကြောင့် မစ္စတာ မူယက်ကီလည်း လွန်ခဲ့တဲ့ တစ်လခန့်အကြာကတည်းက အကြောင်းကြားထားပြီး ဖြစ်တဲ့ သူ့အစ်ကိုနဲ့ ပြန်လည် အဆက်သွယ်ရခဲ့ပါတယ်။ နောက်တစ်လအကြာမှာတော့ သူ့အတွက် အိမ်ပြန် လေယာဥ်လက်မှတ်တစ်စောင်ရခဲ့ပါတယ်။

ကမ်ပါလာ လေယာဥ်ကို စောင့်ဆိုင်းနေစဥ် အီသီယိုးပီးယားလေဆိပ်မှာ စိတ်မထိန်းနိုင်အောင် ခံစားရတယ်လို့ သူက ဆိုပါတယ်။

“သန့်စင်ခန်းတစ်ခုထဲသွားပြီး ငိုခဲ့တာ တစ်နာရီနီးပါးပဲ” လို့ သူက ပြောတယ်။

ဧပြီလ ၄ ရက်နေ့မှာ သူ ကမ်ပါလာကို ပြန်လည် ခြေချခွင့်ရတော့ အိတ်ကပ်ထဲမှာ အမေရိကန် ဒေါ်လာ ၁၅ ဖိုးတောင် မကျန်တော့ပါဘူး။ သူ့သားလည်း မွေးပြီးတာ ၃ လအရွယ်ရောက်နေပါပြီ။

“အိမ် ဆိုတာကို ပြန်ခံစားရချိန် ပြီးတော့ မင်းကိုတစ်စုံတစ်ဦးက စိုက်ကြည့်ပြီး ဒါဘယ်သူလဲလို့ မေးလိမ့်မယ်။ ပြီးတော့ အမျိုးအမည်မသိ ရှက်ပြုံးတစ်ခုနဲ့ ပြုံးပြနေမယ်ဆိုတဲ့အတွေးက တကယ့်ကို ကြည်နူးစရာကောင်းတယ်” လို့ သူက ဆိုတယ်။

အခုဆိုရင် တချို့စိန်ခေါ်မှုတွေရှိနေပေမဲ့ သူ့ပုံမှန်ဘဝထဲ ပြန်လည်‌ရောက်ရှိ အသားကျနေပါပြီ။ ဒါပေမဲ့ လူအုပ်တွေ မြင်ရင် သူစိတ်မသက်မသာ ဖြစ်နေတုန်းပဲ။ ကွန်ပျူတာ အများကြီးနဲ့ ရုံးခန်းထဲကို ဝင်မိသွားတဲ့အချိန်လည်း တုန်လှုပ်နေမိဆဲ။

စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေ စတင်ကုသနေပြီး သက်သာလာပေမဲ့ နည်းပညာအသုံးပြုလုပ်ရတဲ့ အလုပ်မျိုးကို လုပ်ကိုင်ဖို့ သူ့အတွက် ခက်ခဲနေပါသေးတယ်။

တစ်ဖက်မှာလည်း Humanity Research Consultancy မှာ သုတေသီအလုပ်သင်အဖြစ် လူကုန်ကူးမှုတွေကို လေ့လာနေပါတယ်။

“အခုဆိုရင် မကောင်းမှုဒုစရိုက်တွေ အများကြီး ပြန့်ပွားနေပြီ။ ကျွန်တော် အများကြီး ကံကောင်းခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

Ref: NYTimes
(New York Times နဲ့ The Straits Times တို့မှာ ဖော်ပြခဲ့တဲ့ “He scammed people for their money from Myanmar, but he was also a victim” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)

(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times